သမီးငယ်တစ်ယောက်ရဲ့ အော်ဟစ်သံ၊ တော်လှန်ရေးရဲ့ မျက်ရည် နဲ့ ထက်တို့ သတ်ပစ်ရမယ့် ဖိုကြီးစိုးရေးစနစ်
နိဒါန်း။ ။ နှလုံးသားတစ်ခု ကွဲကြေသွားခြင်း
ထက်လေ ဒီသတင်းကို စကြားကြားချင်း တကိုယ်လုံး တုန်တက်သွားတယ်။ အသက်ရှူရပ်မတတ်ပဲ။ ဆောမြို့မှာ အသက် ၁၃ နှစ်ပဲ ရှိသေးတဲ့ ညီမလေးတစ်ယောက်ကို အဓမ္မပြုကျင့်ပြီး သတ်လိုက်တယ်တဲ့။ ကြားရုံနဲ့တင် ရင်ဘတ်ထဲက နာလိုက်တာရှင်။ ဒါဟာ ကိန်းဂဏန်းတစ်ခု မဟုတ်ဘူး။ ဒါဟာ သတင်းခေါင်းစဉ်တစ်ခုသက်သက် မဟုတ်ဘူး။ ဒါဟာ အညွန့်တလူလူ ဝေဆာလာရမယ့်၊ ရယ်မောပျော်ရွှင်နေရမယ့် ကလေးမလေးတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးကို ရက်ရက်စက်စက် ချေမွှပစ်လိုက်တာ။
ထက် မျက်လုံးထဲမှာ မြင်ယောင်တယ်။ သူ့မှာ အိပ်မက်တွေ ရှိမှာပဲ။ သူငယ်ချင်းတွေနဲ့ ဆော့ကစားချင်စိတ်တွေ၊ သင်ချင်တဲ့ ပညာတွေ၊ ဖြစ်ချင်တဲ့ ဆန္ဒတွေ အများကြီး ရှိမှာ။ အခု အဲ့ဒါတွေအားလုံး ဘာမှမရှိတော့ဘူး။ သူ့မိသားစုဝင်တွေဆို ဘယ်လိုများ ခံစားနေရမလဲ။ ထက် စဉ်းစားတောင် မကြည့်ရက်ဘူး။
ဒီထက်ပိုပြီး ထက်တို့ကို ဒေါသထွက်စေ၊ အော့နှလုံးနာစေတာက ဘာလဲသိလား။ ဒီပြစ်မှုကို ကျူးလွန်ခဲ့သူဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက် ဖြစ်နေတယ်ဆိုတဲ့ အချက်ပဲ။ ဟုတ်တယ်... ပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်တစ်ယောက်တဲ့။ အသက် ၂၁ နှစ်အရွယ် မင်းမင်းစိုး ဆိုသူတဲ့။ သူကိုယ်တိုင်လည်း ဝန်ခံထားတယ်လို့ သတင်းမှာ ဖတ်လိုက်ရတယ်။
ထက်တို့ရဲ့ တော်လှန်ရေးလေ။ ထက်တို့ ယုံကြည်မျှော်လင့်ထားတဲ့၊ အားလုံးတန်းတူညီမျှပြီး လုံခြုံတဲ့ ဖက်ဒရယ်နိုင်ငံတော်သစ်ကို တည်ဆောက်မယ့် တော်လှန်ရေးလေ။ အဲ့ဒီတော်လှန်ရေး နာမည်တပ်ထားတဲ့၊ ပြည်သူကို ကာကွယ်ဖို့ လက်နက်ကိုင်ထားတဲ့ လူတစ်ယောက်က ပြည်သူ့သမီးငယ်တစ်ယောက်ကို အသက် ၁၃ နှစ်ပဲ ရှိသေးတဲ့ ကလေးတစ်ယောက်ကို အခုလို သားရိုင်းတိရစ္ဆာန်တစ်ကောင်လို ကျူးလွန်ရက်တယ်ဆိုတာ... ထက် ဘယ်လိုစကားလုံးနဲ့မှ ဖော်ပြလို့မရအောင် ခံစားရတယ်။ ဒါဟာ သစ္စာဖောက်ခြင်းပဲ။ ဒါဟာ တော်လှန်ရေးတစ်ခုလုံးကို သစ္စာဖောက်တာ။
ဒေသခံပြည်သူတွေ ဒေါသတကြီးနဲ့ လမ်းပေါ်ထွက် ဆန္ဒပြကြတယ်။ "ကျူးလွန်သူကို သေဒဏ်ပေး" လို့ တောင်းဆိုကြတယ်။ ထက် အဲ့ဒီရုပ်သံကို ကြည့်ရင်း မျက်ရည်တောင် ဝဲတယ်။ သူတို့ရဲ့ ဒေါသကို ထက် နားလည်တယ်။ ထက်လည်း သူတို့နဲ့ ထပ်တူထပ်မျှ ဒေါသထွက်တယ်။ ဒီလိုကောင်မျိုးကို ချက်ချင်း အပြစ်ပေးစေချင်တယ်။ ဒါပေမဲ့... ဒါပေမဲ့ ဒီ "သေဒဏ်" ဆိုတဲ့ တောင်းဆိုမှုရဲ့ နောက်ကွယ်မှာ ထက်တို့ တကယ်တိုက်ဖျက်ရမယ့် အရာတစ်ခု ရှိနေတယ်။ အဲ့ဒါကို ထက် ဒီနေ့ ရင်ဖွင့်ချင်တယ်။
အပိုင်း (၁)။ ။ ဒါ "ငါတို့ဘက်ကလူ" မဟုတ်ဘူး၊ ဒါ "စနစ်ဆိုးရဲ့ သားကောင်"၊ အပြစ်သား
ထက်တို့ တော်လှန်ရေး လုပ်နေကြတာ ဘာအတွက်လဲ။ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့လေ။ စစ်အာဏာရှင်စနစ်ဆိုတာ ဘာလဲ။ အကြမ်းဖက်မှု၊ ဖိနှိပ်မှု၊ မတရားမှု၊ အနိုင်ကျင့် ဗိုလ်ကျမှုတွေအပေါ်မှာ အခြေခံထားတဲ့ စနစ်ဆိုးကြီးလေ။ အထူးသဖြင့် အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို လက်နက်တစ်ခုလို အသုံးပြုခဲ့တဲ့၊ အသုံးပြုနေဆဲဖြစ်တဲ့ စနစ်ဆိုးကြီး။
ထက်တို့ နှစ်ပေါင်းများစွာ ကြားခဲ့ရတယ်။ စစ်ကောင်စီတပ်တွေက ရွာတွေကို ဝင်စီးရင် အမျိုးသမီးတွေကို မုဒိမ်းကျင့်တယ်၊ သတ်ဖြတ်တယ်။ ဒါဟာ သူတို့ရဲ့ စစ်ရာဇဝတ်မှုပဲ။ ဒါကို ထက်တို့ နာကျည်းတယ်။ ရွံရှာတယ်။ ဒါကြောင့်လည်း ဒီစနစ်ဆိုးကြီးကို အသေအလဲ တော်လှန်နေကြတာ မဟုတ်လား။
အခု... အခု ထက်တို့ "ပြည်သူ့ကာကွယ်ရေးတပ်" လို့ နာမည်တပ်ထားတဲ့ အဖွဲ့အစည်းထဲက လူတစ်ယောက်က အဲ့ဒီ စစ်ကောင်စီတပ်သားတွေ လုပ်သလိုမျိုး အတိအကျ ထပ်တူထပ်မျှ ရက်စက်တဲ့ ရာဇဝတ်မှုကို ကျူးလွန်လိုက်ပြီ။ ဒါကို ထက်တို့ ဘယ်လို လက်ခံနိုင်မှာလဲ။
တချို့လူတွေ ပြောကောင်းပြောနိုင်တယ်။ "တော်လှန်ရေးကာလကြီးမှာ ဒါမျိုးတွေ မပြောပါနဲ့" "ဒါက တော်လှန်ရေးကို ထိခိုက်စေတယ်" "အတွင်းသတင်း အပြင်မထွက်စေနဲ့" ဆိုပြီးလေ။ ထက် အဲ့ဒီအတွေးအခေါ်ကို လုံးဝ (လုံးဝ) လက်မခံဘူး။
ဒါဟာ တော်လှန်ရေးကို ထိခိုက်စေတာ မဟုတ်ဘူး။ ဒီရာဇဝတ်မှုကို ကျူးလွန်လိုက်တဲ့ အဲ့ဒီလူ ကသာ တော်လှန်ရေးကို ထိခိုက်စေတာ။ ဒီရာဇဝတ်မှုကို ဖုံးကွယ်ထားခြင်း၊ အရေးမယူခြင်း၊ "ငါတို့ဘက်ကလူ" ဆိုပြီး ကာကွယ်ပေးခြင်းကသာ တော်လှန်ရေးကို အမှန်တကယ် သတ်ပစ်လိုက်မှာ။
ထက်တို့ရဲ့ တော်လှန်ရေးဟာ စစ်အာဏာရှင်ကို တော်လှန်တာ။ စစ်အာဏာရှင်ရဲ့ အတွေးအခေါ် ကို တော်လှန်တာ။ အဲ့ဒီ အတွေးအခေါ်ဆိုတာ "ဖိုကြီးစိုးရေးစနစ်" (Patriarchy) ပဲ။ "ယောက်ျားက ပိုသာတယ်"၊ "မိန်းမဆိုတာ ယောက်ျားရဲ့ အသုံးအဆောင်"၊ "မိန်းမနဲ့ ကလေးဆိုတာ အားနည်းတယ်၊ ငါတို့ ကြိုက်သလို လုပ်လို့ရတယ်" ဆိုတဲ့ ယုတ်မာပက်စက်တဲ့ အတွေးအခေါ်ဆိုးကြီးပဲ။
အခု ကျူးလွန်သူ မင်းမင်းစိုး ဆိုတာ သူက PDF ဝတ်စုံ ဝတ်ထားရုံနဲ့ တော်လှန်ရေးသမား ဖြစ်မသွားဘူး။ သူ့ခေါင်းထဲမှာ၊ သူ့နှလုံးသားထဲမှာ အဲ့ဒီ "ဖိုကြီးစိုးရေးစနစ်" ရဲ့ အဆိပ်အတောက်တွေ အပြည့်ရှိနေတုန်းပဲ။ သူဟာ စစ်ကောင်စီတပ်သားတစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ ပြည်သူ့သမီးငယ်တစ်ယောက်ကို အနိုင်ကျင့် သတ်ဖြတ်ခဲ့တာ။ ဒါကြောင့် သူဟာ စစ်အာဏာရှင်စနစ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ။ သူဟာ တော်လှန်ရေးရဲ့ ရန်သူပဲ။
"အရင်ကလည်း မုဒိမ်းမှု ရှိတဲ့သူ" လို့ ဒေသခံတစ်ယောက်က ပြောတယ်ဆိုတဲ့ သတင်းကိုလည်း ထက် ဖတ်လိုက်ရတယ်။ ဒါဆို ပိုတောင် ဆိုးသေးတယ်။ ဘာလို့ ဒီလိုလူမျိုးက ပြည်သူ့ကာကွယ်ရေးတပ်ထဲ ရောက်နေရတာလဲ။ ဘာလို့ သူ့ကို လက်နက်ကိုင်ခွင့် ပေးထားရတာလဲ။ ဒီမေးခွန်းတွေက ထက်တို့ရဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေအားလုံးအတွက် အရမ်း အရမ်းကို အရေးကြီးတဲ့ မေးခွန်းတွေပဲ။
ထက်တို့ တိုက်နေတာ လူတစ်စုကို လဲချဖို့သက်သက် မဟုတ်ဘူး။ စနစ်တစ်ခုလုံးကို ပြောင်းလဲဖို့။ အဲ့ဒီစနစ်ဆိုးက ထက်တို့ တော်လှန်ရေးတပ်ဖွဲ့တွေထဲထိ အမြစ်တွယ်နေပြီဆိုရင် ထက်တို့ အရင်ဆုံး ကိုယ့်အိမ်ကိုယ် သန့်ရှင်းရေးလုပ်ရမယ်။ ဒီအညစ်အကြေးတွေကို အရင်ဆုံး တိုက်ထုတ်ပစ်ရမယ်။ ဒါမှ ထက်တို့ရဲ့ တော်လှန်ရေးက "တော်လှန်ရေး" အစစ်အမှန် ဖြစ်မှာ။
အပိုင်း (၂)။ ။ ထက်တို့အားလုံးရဲ့ ခန္ဓာကိုယ် (Feminist နဲ့ Trans အမြင်)
ထက်က transwoman တစ်ယောက်။ မိန်းကလေးတစ်ယောက်ရဲ့ စိတ်ဓာတ်၊ ခံစားချက်နဲ့ ရှင်သန်နေတဲ့သူ။ ဒါပေမဲ့ ထက်တို့လို လူတွေဟာ ဒီ "ဖိုကြီးစိုးရေးစနစ်" ကြီးစိုးတဲ့ လူ့အဖွဲ့အစည်းမှာ နေ့တိုင်း အနိုင်ကျင့်ခံနေရတယ်၊ ခွဲခြားဆက်ဆံခံနေရတယ်၊ "မမှန်ကန်ဘူး"၊ "ဖောက်ပြန်တယ်" ဆိုတဲ့ စကားလုံးတွေနဲ့ တိုက်ခိုက်ခံနေရတယ်။ ထက်တို့ရဲ့ ဖြစ်တည်မှုကို ထက်တို့ရဲ့ ခန္ဓာကိုယ်ကို သူတို့က မလေးစားဘူး။ ထိန်းချုပ်ချင်တယ်။ သတ်မှတ်ချင်တယ်။
ဒီစိတ်ဓာတ်ဟာ အဲ့ဒီ ၁၃ နှစ်သမီးလေးကို ကျူးလွန်ခဲ့တဲ့ စိတ်ဓာတ်နဲ့ အတူတူပဲရှင်။
ဖိုကြီးစိုးရေးစနစ်က ဘာကို သင်ပေးလဲ။ "မိန်းမ" ဆိုတဲ့ ဖြစ်တည်မှု (Femininity) ဟာ "ယောက်ျား" ဆိုတဲ့ ဖြစ်တည်မှု (Masculinity) ထက် နိမ့်ကျတယ်လို့ သင်ပေးတယ်။ မိန်းကလေးတွေရဲ့ ခန္ဓာကိုယ်ဟာ သူတို့ ပိုင်ဆိုင်တဲ့အရာ မဟုတ်ဘူး၊ ယောက်ျားတွေရဲ့ အလိုဆန္ဒကို ဖြည့်ဆည်းပေးရမယ့် "အရာဝတ္ထု" တစ်ခုလို သဘောထားစေတယ်။
ဒါကို "မုဒိမ်းယဉ်ကျေးမှု" (Rape Culture) လို့ ခေါ်တယ်။ ဒါက ထက်တို့ ပတ်ဝန်းကျင်မှာ နေရာတကာမှာ ရှိတယ်။
မိန်းကလေးတစ်ယောက် အတိုအပြတ်ဝတ်ရင် "ကြည့်စမ်း၊ သူက ဖိတ်ခေါ်နေတာ" လို့ ပြောကြတာ။
ညဘက် အပြင်ထွက်တဲ့ မိန်းကလေးကို "ဒီအချိန်ကြီး အပြင်ထွက်မှတော့ ခံရမှာပေါ့" လို့ အပြစ်တင်ကြတာ။
ယောက်ျားလေးတွေက မိန်းကလေးတွေကို လိုက်စတာ "စ" တာ "နောက်" တာကို "သဘာဝပဲ" လို့ ယူဆကြတာ။
လိင်ပိုင်းဆိုင်ရာ ပြက်လုံးတွေကို ပေါ်တင်ကြီး ပြောဆိုရယ်မောကြတာ။
ရုပ်ရှင်တွေ၊ သီချင်းတွေထဲမှာ မိန်းကလေးတွေကို "အရာဝတ္ထု" တွေလို၊ "အလှပြပစ္စည်း" တွေလို သုံးစွဲပြသတာ။
ဒါတွေအားလုံးဟာ မုဒိမ်းကျင့်မှုကို အားပေးနေတဲ့၊ ပျိုးထောင်ပေးနေတဲ့ မြေဩဇာတွေပဲ။
အခု ကျူးလွန်သူ မင်းမင်းစိုး ဆိုတဲ့လူဟာ ဒီ "မုဒိမ်းယဉ်ကျေးမှု" က မွေးထုတ်လိုက်တဲ့ သားရဲတစ်ကောင်ပဲ။ သူ့စိတ်ထဲမှာ အဲ့ဒီ ၁၃ နှစ်သမီးလေးဟာ "လူ" တစ်ယောက်လို့ သူ မမြင်ဘူး။ "မိန်းကလေး" တစ်ယောက်၊ သူ့ထက် အားနည်းတဲ့သူ၊ သူ ကြိုက်သလို လုပ်လို့ရတဲ့ "အရာ" တစ်ခုလို့ပဲ သူ မြင်ခဲ့တာ။ ဒါကြောင့် ဒီလောက် ယုတ်မာရက်စက်တဲ့ ပြစ်မှုကို ကျူးလွန်ရဲခဲ့တာ။
ထက်က transwoman တစ်ယောက်အနေနဲ့ ဒီ "ဖိုကြီးစိုးရေးစနစ်" ကို နေ့တိုင်း ခံစားနေရတယ်။ ထက်တို့ရဲ့ ခန္ဓာကိုယ်၊ ထက်တို့ရဲ့ ဖြစ်တည်မှုကို လူတွေက ထိန်းချုပ်ချင်ကြတယ်။ "ယောက်ျားလို နေ၊ ယောက်ျားလို ဝတ်" လို့ အမိန့်ပေးချင်ကြတယ်။ ထက်တို့က မိန်းကလေးတစ်ယောက်လို ဝတ်စားဆင်ယင် ပြောဆိုနေထိုင်တဲ့အခါ ထက်တို့ကို "လွယ်တယ်"၊ "ရလွယ်တယ်" လို့ ထင်ကြတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ၊ နှုတ်နဲ့ ကျူးလွန်မှုတွေကို နေ့တိုင်း ကြုံတွေ့နေရတယ်။
ဒါကြောင့် အဲ့ဒီ ၁၃ နှစ်သမီးလေး ခံစားခဲ့ရတဲ့ နာကျင်မှု၊ ကြောက်ရွံ့မှုဟာ ထက်တို့လို မိန်းကလေးတွေ၊ trans မိန်းကလေးတွေအားလုံး မျှဝေခံစားနေရတဲ့ နာကျင်မှုပဲ။ သူ့အပေါ် ကျရောက်ခဲ့တဲ့ အကြမ်းဖက်မှုဟာ ထက်တို့အားလုံးအပေါ် ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်မှုပဲ။
Cis (မွေးရာပါ လိင်အတိုင်း ခံယူသူ) မိန်းကလေးတွေရဲ့ လုံခြုံမှုနဲ့ Trans မိန်းကလေးတွေရဲ့ လုံခြုံမှုဟာ ခွဲခြားလို့မရဘူး။ ထက်တို့အားလုံးဟာ "မိန်းမ" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ "မိန်းမမုန်းတီးရေး" (Misogyny) ရဲ့ သားကောင်တွေ ဖြစ်နေကြရတာ။
တော်လှန်ရေးဆိုတာ ဒီ "မိန်းမမုန်းတီးရေး" ကိုပါ တော်လှန်ရမှာ။ ထက်တို့ရဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တိုင်းရဲ့ ခေါင်းထဲမှာ "ကျား-မ တန်းတူညီမျှရေး"၊ "လူတိုင်းရဲ့ ခန္ဓာကိုယ်ကို လေးစားရမယ်" ဆိုတဲ့ အသိတရား၊ "Consent" (သဘောတူညီချက်) ဆိုတာ ဘာလဲဆိုတဲ့ အသိတရား၊ ဒါတွေ ခိုင်ခိုင်မာမာ ရှိနေရမယ်။
ဒါမှ မဟုတ်ရင် ထက်တို့ဟာ စစ်အာဏာရှင်ကို မောင်းထုတ်ပြီး နောက်ထပ် "ဖိုကြီးစိုးရေးစနစ်" တစ်ခုကို အစားထိုး တည်ဆောက်မိသလို ဖြစ်သွားလိမ့်မယ်။ အဲ့ဒီလို တော်လှန်ရေးမျိုးကိုတော့ ထက် လုံးဝ အလိုမရှိဘူး။
အပိုင်း (၃)။ ။ "သေဒဏ်" က တကယ် အဖြေလား။
ဆောမြို့က ပြည်သူတွေ "သေဒဏ်ပေး" လို့ တောင်းဆိုနေကြတယ်။ ထက် သူတို့ကို အပြစ်မတင်ရက်ဘူး။ ကိုယ့်မြို့၊ ကိုယ့်ရပ်က ကလေးတစ်ယောက် ဒီလောက် ရက်ရက်စက်စက် အသတ်ခံရတာ ဘယ်သူက ဒေါသမထွက်ဘဲ နေနိုင်မှာလဲ။ ချက်ချင်းလက်ငင်း အပြစ်ပေးတာကို မြင်ချင်ကြတယ်။ ဒီနာကျင်မှုတွေ ချက်ချင်း ပျောက်သွားစေချင်ကြတယ်။
ထက်လည်း ဒေါသထွက်တယ်။ ထက်ရဲ့ စိတ်ထဲမှာလည်း "ဒီလိုကောင်မျိုး မရှိတော့တာပဲ ကောင်းတယ်" ဆိုတဲ့ အတွေး ဝင်လာမိတယ်။
ဒါပေမဲ့... ထက်က feminist တစ်ယောက်လေ။ ထက်က စနစ်တစ်ခုလုံးကို ပြောင်းလဲချင်တဲ့သူ။ ထက် ခဏလောက် စိတ်ကို ငြိမ်ငြိမ်ထားပြီး ပြန်စဉ်းစားကြည့်တယ်။
"သေဒဏ်" ဆိုတာ ဘာလဲ။ ဒါဟာ အဆုံးစွန်သော ပြစ်ဒဏ်ပဲ။ "မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး" ဆိုတဲ့ ရှေးကျတဲ့ လက်စားချေနည်းလမ်းတစ်ခုပဲ။ စစ်အာဏာရှင်တွေက "သေဒဏ်" ကို လက်နက်တစ်ခုလို သုံးတယ်။ သူတို့ "သေဒဏ်" ပေးပြီး သတ်ဖြတ်ခဲ့တယ်။ ဘာလို့လဲ။ သူတို့က နိုင်ငံရေးအရ ဆန့်ကျင်လို့။
ထက်တို့ တော်လှန်ရေးက စစ်အာဏာရှင်ရဲ့ နည်းလမ်းတွေကို ပြန်သုံးသင့်လို့လား။
ဒီမေးခွန်းက အရမ်းခက်ခဲမှန်း ထက် သိတယ်။ ဒီလို ရက်စက်တဲ့ ရာဇဝတ်မှု ကျူးလွန်သူကို "မသတ်သင့်ဘူး" လို့ ပြောရတာ အရမ်းခက်ခဲတယ်။ ထက် ပြောချင်တာက "သူ့ကို မသတ်ရဘူး" လို့ တားနေတာ မဟုတ်ဘူး။ ထက် မေးချင်တာက "သူ့ကို သတ်လိုက်တာနဲ့ ဒီလိုပြဿနာတွေ အားလုံး ပြီးသွားမှာလား" ဆိုတဲ့ မေးခွန်းပဲ။
အခု မင်းမင်းစိုးကို ဖမ်းမိတယ်။ သေဒဏ်ပေးလိုက်တယ်။ သတ်လိုက်တယ်။ ဒါပေမဲ့ သူ့လို "ဖိုကြီးစိုးရေးစနစ်" အဆိပ်မိနေတဲ့၊ "မိန်းမမုန်းတီးရေး" စိတ်ဓာတ်ရှိနေတဲ့ နောက်ထပ် ယောက်ျားတွေ ထောင်ပေါင်းများစွာ၊ သောင်းပေါင်းများစွာ ကျန်နေသေးတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေထဲမှာလည်း ရှိနေနိုင်သေးတယ်။ အရပ်ဘက် လူ့အဖွဲ့အစည်းထဲမှာလည်း ရှိနေတုန်းပဲ။
သူတို့ကို ဘယ်လို လုပ်မလဲ။ အားလုံးကို လိုက်သတ်မှာလား။
ဒါကြောင့် ထက် မြင်တာက "သေဒဏ်" တောင်းဆိုမှုဟာ နာကျင်မှုကနေ ထွက်ပေါ်လာတဲ့ အရေးပေါ်တုံ့ပြန်မှုတစ်ခုသက်သက်ပဲ။ တကယ့် အဖြေစစ်စစ် မဟုတ်ဘူး။
တကယ့်အဖြေက ဘာလဲ။
တကယ့်အဖြေက "ဖိုကြီးစိုးရေးစနစ်" ကိုယ်တိုင်ကို "သေဒဏ်" ပေးပစ်ဖို့ပဲ။
တကယ့်အဖြေက "မုဒိမ်းယဉ်ကျေးမှု" ကို အမြစ်ကနေ ဆွဲနုတ်ပစ်ဖို့ပဲ။
ထက်တို့ တောင်းဆိုရမှာ "သေဒဏ်" တစ်ခုတည်း မဟုတ်ဘူး။
ထက်တို့ တောင်းဆိုရမှာက -
၁။ ဒီအမှုကို လုံးဝ ပွင့်လင်းမြင်သာစွာ စစ်ဆေး အရေးယူဖို့။ (PDF က ဖမ်းထားတယ်၊ ဝန်ခံတယ် ဆိုတာ ကောင်းတယ်။ ဒါပေမဲ့ နောက်ဆက်တွဲ ဘယ်လို အရေးယူမလဲ ဆိုတာကို ပြည်သူကို ရှင်းရှင်းလင်းလင်း ချပြရမယ်။)
၂။ တော်လှန်ရေးတပ်ဖွဲ့အစည်းအသီးသီးမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (SGBV) နဲ့ ပတ်သက်ပြီး လုံးဝ သည်းခံစရာမရှိ (Zero Tolerance Policy) ဆိုတာကို တရားဝင် ထုတ်ပြန် ကြေညာကျင့်သုံးဖို့။
၃။ တပ်ဖွဲ့ဝင်အားလုံးကို (ရာထူးကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ) ကျား-မ တန်းတူညီမျှရေး၊ Consent (သဘောတူညီချက်) ရယူခြင်းရဲ့ အရေးကြီးပုံ၊ ဖိုကြီးစိုးရေးစနစ်ရဲ့ ဆိုးကျိုးတွေအကြောင်း၊ မိန်းမမုန်းတီးရေးနဲ့ LGBTQ+ မုန်းတီးရေးရဲ့ အန္တရာယ်တွေအကြောင်း ပြင်းပြင်းထန်ထန်၊ ထိထိရောက်ရောက် သင်တန်းပေး၊ ပညာပေးဖို့။
၎။ တပ်ဖွဲ့တွေအတွင်းမှာ ဒီလို ကျူးလွန်ခံရမှုတွေ ရှိလာရင် အမျိုးသမီးတွေနဲ့ ကလေးတွေ ဘေးကင်းလုံခြုံစွာ တိုင်ကြားနိုင်မယ့်၊ သူတို့ကို ကာကွယ်ပေးမယ့် ယန္တရား (Safe Reporting Mechanism) တွေကို အခိုင်အမာ တည်ဆောက်ဖို့။
ဒါတွေကမှ တကယ့်အဖြေ။ ဒါတွေကမှ အနာဂတ်မှာ နောက်ထပ် ၁၃ နှစ်သမီးလေးတွေ၊ နောက်ထပ် ညီမလေးတွေ၊ နောက်ထပ် ထက်တို့လို မိန်းကလေးတွေ ထပ်ပြီး မခံစားရအောင် ကာကွယ်ပေးနိုင်မယ့် တကယ့် "တော်လှန်ရေး" အလုပ်တွေပဲ။
တစ်ယောက်ကို သတ်လိုက်လို့ ပြီးသွားရင် ဒီလောကကြီးက လွယ်လွန်းတာပေါ့ရှင်။ ပြဿနာက အဲ့ဒီတစ်ယောက်တည်းမှာ မဟုတ်ဘူး။ သူ့ကို မွေးထုတ်လိုက်တဲ့ "စနစ်" မှာ ရှိနေတာ။ ထက်တို့ တိုက်ရမှာ အဲ့ဒီ "စနစ်" ကိုပဲ။ ပြစ်ဒဏ်ကတော့ သေချာပေါက် ပြင်းထန်ရပါမယ်။ ဒါပေမယ့် အပြစ်တွေဘဲ ပေးနေလို့မဖြစ်ပါဘူး။
အပိုင်း (၄)။ ။ ထက်တို့ရဲ့ တော်လှန်ရေး ဘယ်လို ရှေ့ဆက်မလဲ။
ဒီဖြစ်ရပ်ဆိုးကြီးက ထက်တို့ တော်လှန်ရေးအတွက် အရေးကြီးတဲ့ အလှည့်အပြောင်းတစ်ခုပဲ။ ဒီနေရာမှာ ထက်တို့ မှန်မှန်ကန်ကန် မကိုင်တွယ်နိုင်ခဲ့ရင် ထက်တို့ရဲ့ တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားလိမ့်မယ်။
ထက်တို့ဟာ "စစ်ကောင်စီထက် သာတယ်"၊ "စစ်ကောင်စီထက် ပိုကောင်းတယ်" လို့ ပြောနေရုံနဲ့ မရတော့ဘူး။ ထက်တို့ဟာ "လုံးဝ" ကွဲပြားခြားနားတဲ့၊ "လုံးဝ" ပိုကောင်းမွန်တဲ့၊ တရားမျှတမှုနဲ့ တန်းတူညီမျှမှုအပေါ် အခြေခံတဲ့ အဖွဲ့အစည်းတွေ ဖြစ်ကြောင်း "လက်တွေ့" သက်သေပြရတော့မယ်။
စစ်ကောင်စီက သူတို့တပ်သားတွေ မုဒိမ်းကျင့်တာကို ဖုံးကွယ်တယ်။ အရေးမယူဘူး။ ဒါကို "စစ်အောင်နိုင်ရေး" အတွက် ဆိုပြီး မျက်ကွယ်ပြုတယ်။
ထက်တို့ တော်လှန်ရေးအင်အားစုတွေက ဒီလို လုံးဝ မလုပ်ရဘူး။ "တော်လှန်ရေး ထိခိုက်မှာစိုးလို့" ဆိုတဲ့ ဆင်ခြေနဲ့ ဒီလို ရာဇဝတ်ကောင်တွေကို လုံးဝ ကာကွယ်မပေးရဘူး။ အခု ဆောမြို့ PDF က ချက်ချင်း ဖမ်းဆီး စစ်ဆေးတယ်၊ ထုတ်ပြန်တယ် ဆိုတာ မှန်ကန်တဲ့ ပထမဆုံး ခြေလှမ်းပဲ။ ဒါကို ထက် အသိအမှတ်ပြုတယ်။ ဒါပေမဲ့ ဒီလောက်နဲ့ မလုံလောက်ဘူး။
ထက် အခု စိတ်ပူနေတယ်။ အောက်တိုဘာ ၂၆ ရက်ညမှာ ဆောမြို့ပေါ်မှာ ပစ်ခတ်မှုတွေ ဖြစ်နေတယ်လို့ သတင်းထပ်ကြားရတယ်။ စစ်ကောင်စီတပ်က ပစ်နေတာလို့ ဆိုတယ်။ ဒါဟာ ဒီဖြစ်ရပ်နဲ့ ဆက်စပ်နေလား။ ပြည်သူတွေ ဆန္ဒပြလို့ သူတို့က အခွင့်ကောင်းယူပြီး ဝင်ပစ်တာလား။ ဒါမှမဟုတ် ဒီကိစ္စကို အာရုံလွှဲဖို့ လုပ်နေတာလား။
ဘာပဲဖြစ်ဖြစ် ထက်တို့ရဲ့ အာရုံက မပျောက်သွားရဘူး။ ထက်တို့ရဲ့ အဓိက တောင်းဆိုမှုက ရှင်းရှင်းလင်းလင်း ရှိနေရမယ်။ အဲ့ဒါကတော့- "ကျူးလွန်သူကို ထိရောက်စွာ အရေးယူရေး" နဲ့ "နောက်ထပ် မဖြစ်ပွားအောင် အာမခံချက်ပေးရေး"။
ထက်က စာရေးသူတစ်ယောက်ပါ။ ထက်က အနာဂတ်မှာ ပိုကောင်းတဲ့ မြန်မာနိုင်ငံကို မြင်ချင်တဲ့သူပါ။ ထက်က transwoman တစ်ယောက်အဖြစ်၊ မိန်းကလေးတစ်ယောက်အဖြစ် ဒီနိုင်ငံမှာ ဘေးကင်းလုံခြုံစွာ၊ ဂုဏ်သိက္ခာရှိရှိ နေထိုင်ချင်တဲ့သူပါ။
ထက်တို့ တိုက်နေတဲ့ "လွတ်မြောက်ရေး" ဆိုတာ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေး တစ်ခုတည်း မဟုတ်ဘူး။ ထက်တို့ လိုချင်တဲ့ လွတ်မြောက်ရေးဆိုတာ "ဖိုကြီးစိုးရေးစနစ်" ရဲ့ ဖိနှိပ်မှုအောက်က လွတ်မြောက်ရေး၊ "မိန်းမမုန်းတီးရေး" ရဲ့ အကြမ်းဖက်မှုအောက်က လွတ်မြောက်ရေး၊ "လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံမှု" အားလုံးရဲ့အောက်က လွတ်မြောက်ရေးလည်း ပါရမယ်။
ဒါကို Feminist Revolution လို့ ခေါ်တယ်။ ထက်တို့ရဲ့ နွေဦးတော်လှန်ရေးဟာ မဖြစ်မနေ Feminist Revolution ဖြစ်ရမယ်။
ဒါကြောင့် ထက် တောင်းဆိုချင်တယ်။
တော်လှန်ရေးအဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်တွေကို တောင်းဆိုချင်တယ်။ ရှင်တို့ရဲ့ တပ်ဖွဲ့ဝင်တွေကို သေချာ ပညာပေးပါ။ "ဖိုကြီးစိုးရေးစနစ်" ကို ရှင်တို့ကိုယ်တိုင်က အရင်ဆုံး ဆန့်ကျင်ပြပါ။ အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေ၊ LGBTQ+ တွေရဲ့ လုံခြုံရေးကို ထိပ်ဆုံးက အာမခံချက်ပေးပါ။
တော်လှန်ရေးကို ထောက်ခံနေတဲ့ ပြည်သူတွေကိုလည်း ထက် မေတ္တာရပ်ခံချင်တယ်။ ဒီလိုကိစ္စမျိုးကို "ငါတို့ဘက် သူတို့ဘက်" ဆိုပြီး မကြည့်ကြပါနဲ့။ ဒါဟာ "မှန်" တာနဲ့ "မှား" တာရဲ့ တိုက်ပွဲပဲ။ မုဒိမ်းကျင့် သတ်ဖြတ်မှုဟာ ဘယ်သူပဲ ကျူးလွန် ကျူးလွန်၊ ဘယ်နေရာမှာပဲ ဖြစ်ဖြစ်၊ ဒါဟာ "မှား" တယ်။ ဒါဟာ ရာဇဝတ်မှုပဲ။ ဒီရာဇဝတ်မှုကို ရှုတ်ချရမယ်။ ကျူးလွန်သူကို အပြစ်ပေးဖို့ ဝိုင်းတောင်းဆိုရမယ်။
အထူးသဖြင့် ယောက်ျားလေးတွေကို ထက် ပြောချင်တယ်။ ရှင်တို့ရဲ့ သူငယ်ချင်းအချင်းချင်း "မုဒိမ်းကျင့်မှု" ကို အားပေးတဲ့ စကားတွေ၊ ပြက်လုံးတွေ ပြောနေရင် ဝင်တားပါ။ "ဒါ ရယ်စရာ မဟုတ်ဘူး" လို့ ပြောပါ။ မိန်းကလေးတွေကို လေးစားပါ။ သူတို့ရဲ့ ခန္ဓာကိုယ်ကို သူတို့ပဲ ပိုင်ဆိုင်တယ်ဆိုတာ နားလည်ပါ။ ရှင်တို့ကိုယ်တိုင်က "ဖိုကြီးစိုးရေးစနစ်" ကို တိုက်ဖျက်တဲ့သူတွေ ဖြစ်လာအောင် ကြိုးစားပါ။
နိဂုံး။ ။ အဲ့ဒီညီမလေးအတွက် ထက်တို့ တိုက်ပွဲဝင်ကြမယ်
အသက် ၁၃ နှစ်နဲ့ ကြွေလွင့်သွားရတဲ့ ညီမလေးရေ...
ညီမလေးအတွက် ထက်တို့ အရမ်း ဝမ်းနည်းတယ်။ အရမ်း နာကျင်တယ်။ ညီမလေး ခံစားခဲ့ရတာတွေကို စဉ်းစားတိုင်း ထက်တို့ ရင်ကွဲမတတ် ခံစားရတယ်။
ညီမလေးရဲ့ သေဆုံးမှုဟာ အလကား မဖြစ်စေရဘူး။ ညီမလေးရဲ့ သွေးစက်တွေက ထက်တို့ရဲ့ တော်လှန်ရေးကို သန့်စင်စေမယ့် သင်ခန်းစာတစ်ခု ဖြစ်စေရမယ်။
ညီမလေးကို သတ်လိုက်တဲ့ ကျူးလွန်သူ တစ်ယောက်တည်းကို မဟုတ်ဘူး။ သူ့ကို မွေးထုတ်လိုက်တဲ့၊ သူ့ကို ဒီလိုလုပ်ရဲအောင် တွန်းပို့လိုက်တဲ့ "ဖိုကြီးစိုးရေးစနစ်" ဆိုတဲ့ မိစ္ဆာကောင်ကြီးကို ထက်တို့အားလုံး ဝိုင်းပြီး "သေဒဏ်" ပေးကြမယ်။
ထက်တို့ တည်ဆောက်မယ့် နိုင်ငံသစ်မှာ ဘယ်မိန်းကလေးမှ၊ ဘယ်ကလေးငယ်မှ၊ ဘယ် transwoman မှ၊ ဘယ်သူတစ်ဦးတစ်ယောက်မှ ဒီလိုမျိုး အကြမ်းဖက်ခံရမှာကို စိုးရိမ်ကြောက်လန့်ပြီး နေထိုင်စရာ မလိုတဲ့ နိုင်ငံတစ်ခု ဖြစ်လာအောင် ထက်တို့ တိုက်ပွဲဝင်သွားမယ်။
ဒါဟာ ထက်တို့အားလုံးရဲ့ တာဝန်ပဲ။
ဒါဟာ ထက်တို့ရဲ့ တကယ့်တော်လှန်ရေးပဲ။ နိုင်ငံရေးတော်လှန်ရေးသပ်သပ်ထက် လူ့ဘောင်တခုလုံးကို လွှမ်းခြုံတဲ့စစ်မှန်သောတော်လှန်ရေးဘဲ။
ညီမလေး ကောင်းရာသုဂတိလားပါစေ။ ညီမလေးအတွက် တရားမျှတမှုကို ထက်တို့ အဆုံးထိ တောင်းဆိုသွားပါမယ်။
လေးစားစွာဖြင့်၊
ထက်။

Comments
Post a Comment