ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု (Grooming) ကို 'အချစ်' ဟု ပုံဖော်ခြင်းအား စစ်ကြေညာခြင်း- BL/GL Fic ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်း၏ အမြင်မှားများ
📢 စစ်ကြေညာခြင်း - အချစ်ရဲ့နောက်ကွယ်က ဘီလူးများ 📢
Pedophilia, Child Grooming နဲ့ Media ပုံဖော်မှုများအပေါ် ဝေဖန်ချက်
မင်္ဂလာပါရှင်။ ထက်နာမည် ထက်မြတ်ဧကရီပါ။
ဒီနေ့ ထက်ပြောမယ့် အကြောင်းအရာက နည်းနည်းလေးလံတယ်၊ နည်းနည်း စိတ်မသက်မသာ ဖြစ်စရာကောင်းတယ်။ ဒါပေမဲ့ ထက်တို့တွေ ဒါကို မပြောလို့ မဖြစ်တော့ဘူး။ မျက်စိမှိတ်ထားလို့ မရတော့ဘူး။
ထက်တို့တွေ "အချစ်" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ၊ "ဖျော်ဖြေရေး" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အရမ်းကို အန္တရာယ်များတဲ့ အရာတစ်ခုကို ပုံမှန်လိုမျိုး လက်ခံနေမိကြပြီ။ အထူးသဖြင့် ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ၊ ချဉ်းကပ်ဖျားယောင်းမှုတွေကို 'ရိုမန့်တစ်' ဆန်ဆန် ပုံဖော်နေတာတွေပေါ့။
ဒီဆောင်းပါးမှာ ထက်က Pedophilia (ကလေးတွေကို လိင်ပိုင်းဆိုင်ရာ စွဲလမ်းမှု) နဲ့ Child Grooming (ကလေးသူငယ်ကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ဖို့ ချဉ်းကပ်ဖျားယောင်းခြင်း) ဆိုတာ ဘာလဲဆိုတာ ရှင်းပြမယ်။ ပြီးတော့ ထက်တို့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ဒါတွေကို ဘယ်လို မျက်စိမှိတ်ပြီး "ဒါ သဘာဝပဲ" လို့ လုပ်နေကြသလဲဆိုတာ ပြောမယ်။ နောက်ဆုံး ထက်တို့ အရမ်းဖတ်ကြ၊ ကြည့်ကြတဲ့ ရုပ်ရှင်တွေ၊ အထူးသဖြင့် GL (Girls' Love) တွေ၊ BL (Boys' Love) Fic (Fiction) တွေထဲမှာ ဒီလို အဆိပ်အတောက်ဖြစ်တဲ့ ပုံဖော်မှုတွေကို ဘာလို့ ရပ်တန်းက ရပ်ရတော့မလဲ ဆိုတာကို ထက်ရဲ့ အမြင်နဲ့ "စစ်ကြေညာ" ချင်ပါတယ်။
အပိုင်း (၁) - ဘီလူးတွေကို နာမည်တပ်ခြင်း (Pedophilia နဲ့ Grooming ဆိုတာ ဘာလဲ)
ထက်တို့ အရင်ဆုံး ဒီစကားလုံးနှစ်လုံးရဲ့ အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း သိဖို့လိုတယ်။
💥 Pedophilia (ကလေးတွေကို လိင်ပိုင်းဆိုင်ရာ စွဲလမ်းမှု)
ဒီစကားလုံးကို ကြားလိုက်တာနဲ့ လူတွေက "ကလေးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့သူ" လို့ တန်းမြင်တယ်။ ဒါက တစ်စိတ်တစ်ပိုင်း မှန်ပေမယ့် အပြည့်အစုံ မဟုတ်သေးဘူး။ Pedophilia ဆိုတာက စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်မျိုးပါ။ အဓိကကတော့ အရွယ်ရောက်ပြီးသား လူတစ်ယောက်က အရွယ်မရောက်သေးတဲ့၊ အထူးသဖြင့် အပျိုဖော်မဝင်သေးတဲ့၊ အရွယ်မရောက်သေးတဲ့ ကလေးတွေအပေါ်မှာပဲ လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှု၊ စွဲလမ်းမှု ရှိနေတာကို ခေါ်တာ။ (ဒီနေရာမှာ ဆိုလိုရင်းက ၁၁ နှစ်က ဓမ္မတာလာနေရင် ရတယ်လို့ပြောတာမဟုတ်ဘူးနော်။ ၁၆ လောက်အထိပါပါတယ်။ အချို့သတ်မှတ်ချက်တွေအရ ၁၇ အထိပါပါတယ်။ ထက်ကတော့ ၁၆ အထိလို့ဘဲ ပြောချင်ပါတယ်။)
ဒါက "အသက်ငယ်တာလေး ကြိုက်တာ" နဲ့ လုံးဝမတူဘူး။ အသက် ၂၅ နှစ်ကောင်လေးက အသက် ၁၈ နှစ် ကောင်မလေးကို ကြိုက်တာ ဒါ Pedophilia မဟုတ်ဘူး။ ဒါပေမဲ့ အသက် ၃၀ အရွယ်လူကြီးတစ်ယောက်က အသက် ၁၀ နှစ်၊ ၁၁ နှစ် ကလေးတစ်ယောက်ကို ကြည့်ပြီး လိင်ပိုင်းဆိုင်ရာ ခံစားချက်တွေ ဖြစ်ပေါ်နေတာ၊ စွဲလမ်းနေတာက Pedophilia ပါ။ ပြောရအုန်းမယ်။ ဟိုကျောင်းစိမ်းနဲ့မောင်လေး ချောလိုက်တာ ကြီးလာရင် မမဖို့ ဆိုပြီး ပြောနေကြ ဆိုနေကြတာတွေကလည်း Pedophilia တစ်မျိုးပါပဲနော်။ တော်ကြာနော် အစ်မတော်တွေ Pedophilia ကောင်မတွေဖြစ်မှန်းမသိဖြစ်နေမှာစိုးလို့ သတိပေးတာပါရှင့်။
ဒီလို စွဲလမ်းမှု ရှိတိုင်း လူတိုင်းက ကလေးတွေကို လိုက်ပြီး တိုက်ခိုက်နေတာ မဟုတ်ပေမယ့် ဒီလို စွဲလမ်းမှု ရှိနေသူတွေဟာ ကလေးတွေအတွက် အန္တရာယ် အလွန်ကြီးမားတဲ့ 'Potential' (ဖြစ်နိုင်ခြေ) ရှိသူတွေ ဖြစ်သွားပြီ။
⚠️ Child Grooming (ကလေးသူငယ်ကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ရန် ဖျားယောင်းခြင်း)
ဒါက ပိုအရေးကြီးတယ်။ ဒါက 'စွဲလမ်းမှု' မဟုတ်တော့ဘူး။ 'လုပ်ဆောင်ချက်' (Action) ဖြစ်သွားပြီ။ Grooming ဆိုတာက ကလေးတစ်ယောက် (ဒါမှမဟုတ် ကလေးရဲ့ မိသားစု) ကို ယုံကြည်မှုရအောင် တည်ဆောက်ပြီး အဲဒီယုံကြည်မှုကို အသုံးချပြီး ကလေးကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ဖို့၊ စော်ကားဖို့ အဆင့်ဆင့် ကြိုတင်ပြင်ဆင်တဲ့ 'လုပ်ငန်းစဉ်' (Process) တစ်ခုလုံးကို ခေါ်တာပါ။
ဒါက ချက်ချင်းကြီး ဖြစ်တာ မဟုတ်ဘူး။ ဖြည်းဖြည်းချင်း အချိန်ယူပြီး အကွက်ချပြီး လုပ်တာ။ ထက် ဥပမာ ပေးမယ်။
အဆင့် ၁ - ယုံကြည်မှု တည်ဆောက်ခြင်း (Trust Building)
ကျောင်းက ဆရာတစ်ယောက်က "သမီးလေးက စာတော်လိုက်တာ" "သားလေးက အားကိုးရတယ်" ဆိုပြီး ချီးကျူးမယ်။ မုန့်ဖိုးတွေ ခဏခဏ ပေးမယ်။ ဂရုစိုက်ပြမယ်။ ကလေးရဲ့ မိဘတွေရှေ့မှာဆို "ဒီဆရာမို့လို့ တော်သေးတာပဲ၊ ကိုယ့်သားသမီးကို သေချာ ဂရုစိုက်တယ်" ဆိုပြီး အထင်ကြီးခံရအောင် နေမယ်။ ဒါမှမဟုတ် အွန်လိုင်းကနေဆို "ညီမလေးရဲ့ ပုံတွေက ချစ်စရာလေး" "မောင်လေးက ဂိမ်းဆော့တာ တော်လိုက်တာ" ဆိုပြီး နေ့တိုင်း စကားတွေ လာပြောမယ်။ "အစ်ကို/အစ်မ က မင်းရဲ့ အားအကိုးရဆုံးသူပါ" ဆိုပြီး ပုံသွင်းမယ်။
အဆင့် ၂ - တစ်သီးတခြား ဖြစ်အောင် ခွဲထုတ်ခြင်း (Isolation)
ကလေးကို သူ့မိဘတွေ၊ သူငယ်ချင်းတွေနဲ့ တဖြည်းဖြည်း ဝေးကွာအောင် လုပ်မယ်။ "မင်းမိဘတွေက မင်းကို နားမလည်ပါဘူး" "မင်းသူငယ်ချင်းတွေက မင်းအပေါ် မကောင်းဘူး" "ငါတစ်ယောက်ပဲ မင်းကို တကယ် နားလည်တာ၊ တကယ် ချစ်တာ" ဆိုပြီး ပြောမယ်။ ကလေးက သူ့ပြဿနာတွေကို မိဘကို မပြောတော့ဘဲ ဒီလူကြီးကိုပဲ လာပြောအောင်၊ အားကိုးအောင် လုပ်မယ်။
အဆင့် 3 - ပုံမှန်ဖြစ်အောင် လုပ်ခြင်း (Normalization)
ဒီအဆင့်က အရမ်း ယုတ်မာတဲ့ အဆင့်။ မသင့်တော်တဲ့ အပြုအမူတွေကို "ဒါက ပုံမှန်ပဲ" ဆိုပြီး လုပ်ပြတော့တာ။ ဥပမာ - လိင်ပိုင်းဆိုင်ရာ ပြောင်ပြောင်တင်းတင်း မဟုတ်တဲ့ ဟာသတွေ ပြောမယ်။ "တို့တွေက အရမ်း ရင်းနှီးတာပဲ" ဆိုပြီး မလိုအပ်ဘဲ ပခုံးဖက်တာ၊ ပေါင်ပုတ်တာတွေ လုပ်မယ်။ "မင်းကို ချစ်လို့၊ တန်ဖိုးထားလို့" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ "မင်းရဲ့ ကိုယ်လုံးကိုယ်ပေါက်က လှတယ်" ဆိုတာမျိုးတွေ ပြောမယ်။ ကလေးကို "လျှို့ဝှက်ချက်" တွေ ထားခိုင်းမယ်။ "ဒါ တို့နှစ်ယောက်တည်း သိတဲ့ လျှို့ဝှက်ချက်နော်၊ ဘယ်သူ့မှ ပြန်မပြောရဘူး" ဆိုပြီး စည်းခြားလိုက်ပြီ။
အဆင့် ၄ - အလွဲသုံးစားပြုခြင်း (Abuse)
ကလေးက ဒီလူကြီးကို လုံးဝ ယုံကြည်သွားပြီ၊ သူ့ဘက်က ကာကွယ်ပေးမယ့်သူလို့ ထင်နေပြီ၊ ဒီလူကြီး လုပ်သမျှက "အချစ်" လို့ ထင်နေပြီဆိုရင် နောက်ဆုံးမှာ လိင်ပိုင်းဆိုင်ရာ ထိတွေ့မှုတွေ၊ တောင်းဆိုမှုတွေ လုပ်တော့တာပဲ။ ကလေးက ဒါကို "မဟုတ်ဘူး" လို့ မငြင်းဆန်ရဲတော့ဘူး။ ဒါမှမဟုတ် ငြင်းဆန်ရင်တောင် "ငါက မင်းကို ဒီလောက် ဂရုစိုက်ခဲ့တာကို မင်းက ငါ့ကို ပြန်မချစ်ဘူးလား" ဆိုပြီး စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှု (Emotional Blackmail) တွေ လုပ်တော့တာပဲ။
Grooming ဆိုတာ "အချစ်" မဟုတ်ဘူး။ ဒါက "ခြယ်လှယ်ခြင်း" (Manipulation)။ ဒါက "အမဲလိုက်ခြင်း" တစ်မျိုးပဲ။ ကလေးတစ်ယောက်ဟာ အသက်အရွယ်အရ၊ အတွေ့အကြုံအရ၊ ဦးနှောက်ဖွံ့ဖြိုးမှုအရ အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်နဲ့ တန်းတူ "သဘောတူညီချက်" (Consent) ဆိုတာကို မပေးနိုင်ဘူး။ ကလေးက "ဟုတ်ကဲ့" ပြောခဲ့ရင်တောင် အဲဒီ "ဟုတ်ကဲ့" က Grooming လုပ်ငန်းစဉ်ကြီးရဲ့ ရလဒ်ဖြစ်တဲ့အတွက် တရားမဝင်ဘူး။
အပိုင်း (၂) - ထက်တို့ရဲ့ မျက်စိမှိတ် လူ့အဖွဲ့အစည်း
ကဲ၊ အခု ထက်တို့ မြန်မာ့လူ့အဖွဲ့အစည်းကို ကြည့်ရအောင်။ ထက်တို့ဆီမှာ ဒီ Grooming တွေ၊ Pedo Case တွေကို ဘယ်လောက်တောင် "ပုံမှန်" (Normalize) လုပ်နေကြသလဲ။
၁။ "အသက်က ကိန်းဂဏန်းလေးပါကွာ" ဆိုတဲ့ အတွေးအခေါ်
ဒါက အရမ်း ကြားရလေ့ရှိတဲ့ စကား။ အသက် ၄၀ အရွယ် လူကြီးတစ်ယောက်က အသက် ၁၆ နှစ်၊ ၁၇ နှစ် ကလေးမလေး တစ်ယောက်နဲ့ တွဲတယ်။ လူတွေက ဘာပြောလဲ။ "အို... ချစ်တာပဲဟာ၊ အသက်က ဘာအရေးကြီးလဲ" တဲ့။
ထက် မေးမယ်။ ဘာလို့ အရေးမကြီးရမှာလဲ? အသက် ၄၀ လူကြီးရဲ့ လောကအတွေ့အကြုံ၊ ငွေကြေး၊ အာဏာ၊ ခြယ်လှယ်နိုင်စွမ်း နဲ့ အသက် ၁၆ နှစ် ကလေးတစ်ယောက်ရဲ့ စိတ်ခံစားချက်၊ အတွေ့အကြုံ၊ ဆုံးဖြတ်နိုင်စွမ်း ဘယ်လိုမှ မတူဘူး။ အဲဒီ "အချစ်" လို့ ခေါင်းစဉ်တပ်ထားတဲ့ ဆက်ဆံရေးမှာ Power Imbalance (အာဏာ မမျှတမှု) ကြီးကြီးမားမား ရှိနေတယ်။ အသက် ၁၆ နှစ် ကလေးတစ်ယောက်က သူ့ထက် အသက် နှစ်ဆကျော်ကြီးတဲ့ လူတစ်ယောက်ရဲ့ ခြယ်လှယ်မှု၊ ဖိအားပေးမှုတွေကို ဘယ်လို ခုခံနိုင်မှာလဲ။ ဒါကို "ရိုမန့်တစ်" လို့ မြင်နေကြတာက ပထမဆုံး အမှားပဲ။
၂။ "စပွန်ဆာ" (Sponsor) ယဉ်ကျေးမှု
ဒါက ပိုဆိုးတယ်။ High School (အထက်တန်း) ကျောင်းသား၊ ကျောင်းသူလေးတွေကို "ဦး" တွေ "ဒေါ်" တွေက "စပွန်ဆာ" ပေးပြီး ထောက်ပံ့ထားတာ။ "လိုတာ သုံး" ဆိုပြီး ပိုက်ဆံပေးတယ်။ အပြန်အလှန်အားဖြင့် အဲဒီ ကလေးတွေဆီက လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ လုပ်တယ်။ ဒါကို လူ့အဖွဲ့အစည်းက "ဪ၊ ဒီခေတ် ကလေးတွေက ဒီလိုပဲ" ဆိုပြီး မျက်နှာလွှဲ ခဲပစ် လုပ်ထားတယ်။
ဒါက Child Grooming ရဲ့ ပုံစံတစ်မျိုးပဲ။ ပိုက်ဆံနဲ့၊ အခွင့်အရေးနဲ့ ကလေးတစ်ယောက်ကို 'ဝယ်' ပြီး သူ့ရဲ့ ယုံကြည်မှုကို ရယူပြီး အလွဲသုံးစား လုပ်နေတာ။ ဒါကို "နှစ်ဦးသဘောတူ" လို့ ပြောလို့မရဘူး။ ကလေးတစ်ယောက်ရဲ့ ဆင်းရဲမွဲတေမှု ဒါမှမဟုတ် လိုချင်တပ်မက်မှုကို အသုံးချပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာဟာ ရာဇဝတ်မှုပါ။
၃။ "ကလေးက မြူဆွယ်လို့" ဆိုတဲ့ Victim Blaming
အဆိုးဆုံးပဲ။ ဒါက "ဖိုကြီးစိုးမှုစနစ်" ရဲ့ အဆိုးဆုံး လက်နက်ပဲ။ Pedo case တစ်ခု ဖြစ်ပြီ၊ ကလေးတစ်ယောက် အစော်ကားခံရပြီ ဆိုတာနဲ့ လူအများစုရဲ့ ပထမဆုံး တုံ့ပြန်မှုက "ကလေးက ဘယ်လို နေလို့လဲ" "ကလေးမလေးက ပလီပလာ လုပ်လို့ နေမှာပေါ့" "ကလေးက ရုန်းမထွက်လို့ပေါ့" "ဒီအရွယ် ကလေးက ဘာသိမှာလဲ၊ သူ့မိဘတွေ မဆုံးမလို့" ဆိုတဲ့ စကားတွေပဲ။
ထက် ပြတ်ပြတ်သားသား ပြောမယ်။ တာဝန်ရှိသူဟာ "အရွယ်ရောက်ပြီးသား လူကြီး" ပဲ ဖြစ်ရမယ်။ ကလေးက ဘယ်လိုပဲ ဝတ်ဝတ်၊ ဘယ်လိုပဲ နေနေ၊ အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်မှာ ကိုယ့်စိတ်ကို ကိုယ်ထိန်းရမယ့် တာဝန်ရှိတယ်။ ကလေးကို အပြစ်တင်တာ (Victim Blaming) ဟာ ကျူးလွန်သူကို ကာကွယ်ပေးတာနဲ့ အတူတူပဲ။ ထက်တို့ လူ့အဖွဲ့အစည်းက ကလေးကို ကာကွယ်ရမယ့်အစား ကျူးလွန်သူဘက်က အကြောင်းပြချက် လိုက်ရှာပေးနေတယ်။ ဒါကြောင့် ဒီလို ကိစ္စတွေက ပပျောက်မသွားတာ။
၄။ "မျက်နှာ" နဲ့ "အားနာမှု" ကြောင့် တိတ်ဆိတ်ခြင်း
ဒါလည်း "ဖိုကြီးစိုးမှုစနစ်" ရဲ့ အကျိုးဆက်ပဲ။ မိသားစုထဲမှာ၊ ဆွေမျိုးထဲမှာ၊ ဒါမှမဟုတ် အသိအကျွမ်း ပတ်ဝန်းကျင်မှာ ဒီလို ကိစ္စတွေ ဖြစ်တယ်။ "ဪ... ကိုယ့်ဆွေမျိုး အရင်းအခြာပဲ၊ အမှုမလုပ်ပါနဲ့တော့" "ကိုယ့်သမီးပဲ မျက်နှာပျက်စရာ ဖြစ်မယ်" "အပျိုရည် ပျက်သွားတာ လူသိကုန်ရင် ဘယ်သူ ယူတော့မလဲ" "အားနာစရာကြီး" ဆိုပြီး ဖုံးကြ ဖိကြတယ်။
ဒီလို ဖုံးဖိလိုက်တာက ဘာဖြစ်သွားလဲ သိလား။ ကျူးလွန်သူကို "မင်း ဆက်လုပ်လို့ရတယ်" ဆိုတဲ့ "Green Light" (မီးစိမ်း) ပြလိုက်တာပဲ။ သူက နောက်ထပ် ကလေးတစ်ယောက်ကို ထပ်ပြီး သားကောင် ရှာဦးမှာပဲ။ "အရှက်" နဲ့ "အားနာမှု" က ကလေးတစ်ယောက်ရဲ့ ဘဝ၊ သူ့ရဲ့ စိတ်ဒဏ်ရာထက် ပိုအရေးကြီးသွားတဲ့ လူ့အဖွဲ့အစည်းမှာ ကလေးတွေအတွက် ဘယ်နေရာက လုံခြုံတော့မလဲ။
အပိုင်း (၃) - ထက်တို့ရဲ့ မီဒီယာ၊ ရုပ်ရှင် နဲ့ Fic တွေ (စစ်ကြေညာခြင်း)
ထက်တို့ရဲ့ မီဒီယာတွေ၊ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေ၊ ပြီးတော့ ထက်တို့ နေ့တိုင်း ဖတ်နေတဲ့ BL/GL Fic တွေပါပဲ။
ဒါပေမဲ့... ကြီးမားတဲ့ "ဒါပေမဲ့" တစ်ခု ရှိတယ်။
ထက်တို့ရဲ့ ဒီ "လွတ်မြောက်ရာ" လို့ ထင်ခဲ့တဲ့ နေရာတွေမှာ ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု (Child Exploitation) တွေကို "ရိုမန်းတစ်" လို့ ခေါင်းစဉ်တပ်ပြီး ရေးနေ၊ ဖတ်နေ၊ အားပေးနေကြတာကို ထက် တွေ့လာရတယ်။ ထက် ဒါကို လုံးဝ (လုံးဝ) လက်မခံနိုင်ဘူး။
ပြဿနာ (၁) - ဆရာ နဲ့ တပည့် (Teacher-Student) ဇာတ်လမ်းများ
ဒါက အဆိုးဆုံးထဲက တစ်ခု။ ကျောင်းဆရာ/ဆရာမ က ကျောင်းသား/ကျောင်းသူလေးကို ချစ်ကြိုက်သွားတာ။ "သူက ငါ့တပည့်... ဒါပေမဲ့ ငါ သူ့ကို ချစ်မိသွားပြီ" ဆိုတဲ့ ဇာတ်လမ်းတွေ။
ထက် မေးပါရစေ။ ဒါက ဘယ်နေရာမှာ "ရိုမန့်တစ်" ဖြစ်နေလို့လဲ။ ဆရာဆိုတာ တပည့်အပေါ်မှာ 'အာဏာ' (Authority) ရှိတယ်။ 'သြဇာ' (Influence) ရှိတယ်။ အမှတ်ပေးနိုင်ခွင့်၊ အတန်းတင်ပေးနိုင်ခွင့် ရှိတယ်။ တပည့်တစ်ယောက်က ဆရာ့ကို "ကြောက်" လို့ပဲ ဖြစ်ဖြစ်၊ "အားကိုး" လို့ပဲ ဖြစ်ဖြစ်၊ "အထင်ကြီး" လို့ပဲ ဖြစ်ဖြစ် ရှိန်နေရတယ်။
ဒီလို အာဏာ မမျှတမှု (Power Imbalance) ကြီး အကြီးကြီး ရှိနေတဲ့ ကြားထဲက ဆက်ဆံရေးဟာ ဘယ်တော့မှ မျှတတဲ့ "အချစ်" မဖြစ်နိုင်ဘူး။ ဒါက ဆရာက သူ့ရဲ့ ရာထူးအာဏာကို အလွဲသုံးစား လုပ်တာ။ ဒါက Grooming ပဲ။ တပည့်လေးက "သမီးလည်း ဆရာ့ကို ချစ်တယ်" လို့ ပြောခဲ့ရင်တောင် အဲဒါက တကယ့် 'လွတ်လပ်တဲ့ သဘောတူညီချက်' (Free Consent) မဟုတ်နိုင်ဘူး။ ဒါကို ဇာတ်လမ်းတွေထဲမှာ "အတားအဆီးတွေကို ကျော်ဖြတ်ရတဲ့ အချစ်" ဆိုပြီး လှပနေကြတာ ရပ်ရတော့မယ်။ ဒါက ရွံစရာကောင်းတဲ့ အလွဲသုံးစားမှုပါ။
ပြဿနာ (၂) - အသက် အဆမတန် ကွာဟမှု (Massive Age Gaps)
Fic တွေမှာ တွေ့နေရပြီ။ အသက် ၃၀ ကျော် CEO ကြီး (သူဌေးကြီး) က အသက် ၁၆ နှစ်၊ ၁၇ နှစ် High School ကျောင်းသားလေး/ကျောင်းသူလေးကို တွေ့ပြီး "ငါ့ ကလေးလေး" "ငါ့ သကြားလုံးလေး" ဆိုပြီး တွဲတာ။
ပြီးတော့ ဇာတ်လမ်းက ဘယ်လို သွားလဲ။ အဲဒီ CEO ကြီးက ကလေးရဲ့ ကျောင်းစရိတ်တွေ ပေးမယ်၊ အိမ်ကို ထောက်ပံ့မယ်၊ တိုက်ခန်း ဝယ်ပေးမယ်၊ ကားဝယ်ပေးမယ်။ ပြီးတော့ အဲဒီ ကလေးကို "မင်းက ငါ့အပိုင်" ဆိုပြီး လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှုတွေ လုပ်မယ်။
ဒါကို ဖတ်တဲ့သူတွေက "ဝါး... အရမ်း ရိုမန့်တစ်ပဲ" "ငါလည်း အဲလို CEO ကြီး လိုချင်လိုက်တာ" ဆိုပြီး ဖြစ်နေကြတယ်။
ခဏလေး... သတိထားကြပါဦး။ ဒါ "စပွန်ဆာ" ပေးတာ။ ဒါ Grooming လုပ်တာ။
အသက် ၃၀ အရွယ် လူကြီးက အသက် ၁၇ နှစ် ကလေးကို "ချစ်" နေတာ မဟုတ်ဘူး။ "ထိန်းချုပ်" နေတာ။ ပိုက်ဆံနဲ့၊ အခွင့်အရေးနဲ့ ခြယ်လှယ်နေတာ။ အဲဒီ ကလေးက သူ့ဘဝတစ်ခုလုံးအတွက် အဲဒီ လူကြီးကို မှီခိုသွားအောင် လုပ်လိုက်ပြီး အဲဒီ လူကြီး မခိုင်းတာ ဘာမှ မလုပ်ရဲတော့အောင်၊ မငြင်းဆန်ရဲတော့အောင် "မွေး" နေတာ။
ပြီးတော့ စာရေးဆရာတွေက ဘယ်လို လိမ်လည်ပြီး ရေးလဲ သိလား။ အဲဒီ ၁၇ နှစ် ဇာတ်ကောင်ကို "သူ့အသက်နဲ့ မလိုက်အောင် ရင့်ကျက်တယ်" "သူက အတွေးအခေါ် ပြည့်စုံတယ်" ဆိုပြီး ရေးတယ်။ ဒါက Groomer တွေ (ဖျားယောင်းသူတွေ) သုံးနေကျ "ဆင်ခြေ" အစစ်ပဲ။ "သူက ကလေး မဟုတ်တော့ပါဘူး၊ သူ အကုန် နားလည်ပါတယ်" ဆိုတာ ကျူးလွန်သူတွေ အမြဲ ပြောတဲ့ စကားပဲလေ။
ပြဿနာ (၃) - သဘောတူညီချက် မပါတာကို "အချစ်ကြမ်း" လို့ ပုံဖော်ခြင်း
BL Fic တွေမှာ အရမ်း တွေ့ရတဲ့ "Dub-con" (Dubious Consent - သဘောတူသလိုလို မတူသလိုလို) နဲ့ "Non-con" (Non-Consensual - သဘောတူညီချက် လုံးဝမပါ) ဇာတ်ကွက်တွေ။
Seme က Uke ကို "မင်းက ငြင်းလေ ငါက ပိုကြိုက်လေ" ဆိုပြီး အတင်းအကျပ် နမ်းတာ၊ အတင်းအကျပ် ချုပ်နှောင်ပြီး လိင်ဆက်ဆံတာ။ ပြီးတော့ နောက်နေ့မနက်ကျ "ငါ မင်းကို တကယ် ချစ်လို့ပါ" ဆိုပြီး ပြန်ချော့တာ။ အဲဒါကို "အချစ်ကြမ်း" (Rough Love) "ယောက်ျားဆန်တယ်" (Manly) ဆိုပြီး သဘောကျနေကြတယ်။
ဒါ "အချစ်" မဟုတ်ဘူး။ ဒါ "မုဒိမ်းမှု" (Rape)။ ဒါ "လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု" (Sexual Assault)။
ဒီလို ဇာတ်ကွက်မျိုးကိုမှ အရွယ်မရောက်သေးတဲ့ (Minor) ဇာတ်ကောင်နဲ့ ပူးတွဲပြီး ရေးလိုက်ပြီဆိုရင် ဒါက Child Abuse (ကလေးသူငယ်ကို နှိပ်စက်စော်ကားမှု) ကို ပုံဖော်နေတာပဲ။ "သူ ငြင်းတာက ရှက်လို့ ငြင်းတာ၊ တကယ်က သူလည်း လိုချင်နေတာ" ဆိုတဲ့ အတွေးအခေါ်က လက်တွေ့ လောကမှာ ကျူးလွန်သူတွေ သုံးတဲ့ အတွေးအခေါ်ပဲ။
ပြဿနာ (၄) - Queer အသိုင်းအဝိုင်း နဲ့ "ဖိုကြီးစိုးမှုစနစ်" ကို ပြန်လည် ထုတ်လုပ်ခြင်း
ဒါက ထက်ကို အသည်းနာဆုံး ဖြစ်စေတဲ့ အချက်ပဲ။ BL (Boys' Love) နဲ့ GL (Girls' Love) တွေဆိုတာ "ဖိုကြီးစိုးမှုစနစ်" ကို ဆန့်ကျင်ရမယ့်၊ ကျား-မ ပုံစံခွက်တွေကို ချိုးဖျက်ရမယ့် နေရာ ဖြစ်ရမှာ။
ဒါပေမဲ့ တော်တော်များများ (အားလုံးကို မဆိုလိုပါ) BL Fic တွေက ဘာလုပ်နေလဲ။ "ဖိုကြီးစိုးမှုစနစ်" ရဲ့ အဆိုးဆုံး အစိတ်အပိုင်းတွေကို ယူပြီး ယောက်ျားလေး ဇာတ်ကောင် နှစ်ယောက်ပေါ်မှာ ပြန်တင်ပေးလိုက်တယ်။
• Seme (Top/အပေါ်) က Uke (Bottom/အောက်) ကို ပိုင်ဆိုင်တယ် ("မင်းက ငါ့အပိုင်")။
• Seme က အရမ်း သဝန်တိုတယ်၊ ထိန်းချုပ်တယ်၊ Uke ကို တခြားသူနဲ့ စကားမပြောရဘူး။ (ဒါကို 'ချစ်လို့' လို့ ခေါင်းစဉ်တပ်တယ်)
• Non-con (သဘောတူညီချက်မပါဘဲ လိင်ဆက်ဆံခြင်း - Rape) နဲ့ Dub-con (သဘောတူသလိုလို မတူသလိုလို အခြေအနေ) တွေကို "အချစ်ကြမ်း" (Rough Love) "ယောက်ျားဆန်တယ်" (Manly) ဆိုပြီး ရေးကြတယ်။
ဒါတွေအားလုံးက "ဖိုကြီးစိုးမှုစနစ်" က ယောက်ျားတွေကို သင်ပေးလိုက်တဲ့ "အဆိပ်သင့် ယောက်ျားဆန်ခြင်း" (Toxic Masculinity) တွေပဲ။ "အချစ်" ဆိုတာ "ပိုင်ဆိုင်ခြင်း"၊ "ထိန်းချုပ်ခြင်း"၊ "အနိုင်ကျင့်ခြင်း" လို့ သင်ပေးလိုက်တာ။
ဒီလို အဆိပ်သင့်တဲ့ ပုံစံတွေကိုမှ အရွယ်မရောက်သေးတဲ့ (Minor) ဇာတ်ကောင်တွေနဲ့ ပူးတွဲပြီး ရေးလိုက်ပြီဆိုရင် ဒါက Child Abuse (ကလေးသူငယ်ကို နှိပ်စက်စော်ကားမှု) ကို "ပုံမှန်" လုပ်လိုက်တာပဲ။ "သူ ငြင်းတာက ရှက်လို့ ငြင်းတာ၊ တကယ်က သူလည်း လိုချင်နေတာ" ဆိုတဲ့ အတွေးအခေါ်က လက်တွေ့ လောကမှာ မုဒိမ်းကျင့်သူတွေ သုံးတဲ့ အတွေးအခေါ်ပဲ။
ထက်တို့ Queer အသိုင်းအဝိုင်းက၊ ထက်တို့ရဲ့ စာရေးဆရာတွေ (အများစုက အမျိုးသမီးတွေ၊ Queer တွေ ဖြစ်နေတတ်တယ်) က "ဖိုကြီးစိုးမှုစနစ်" ကို ဆန့်ကျင်ရမယ့်အစား အဲဒီ စနစ်ဆိုးကြီးကိုပဲ ပြန်လည် ထုတ်လုပ်ပြီး "ဒါ BL/GL ပဲ" ဆိုပြီး ပုံစံခွက် ပြောင်းရောင်းနေကြတာလား၊ ဖြန့်နေကြတာလားလို့ ထက် မေးချင်တယ်။ ဒါ Feminist တန်ဖိုးတွေကို လုံးဝ သစ္စာဖောက်တာပဲ။
📣 ထက်ရဲ့ စစ်ကြေညာသံ (စာရေးသူများ နဲ့ စာဖတ်သူများသို့)
ထက်လည်း စာရေးတဲ့သူ တစ်ယောက်ပါ။ ထက်တို့မှာ တာဝန်ရှိတယ်။
စာဖတ်သူတွေကို ထက် ပြောချင်တာက
"ဒါက 'Fic' ပဲလေ၊ အပြင်မှာမှ မဟုတ်တာ" ဆိုတဲ့ ဆင်ခြေကို ရပ်လိုက်ပါ။ ထက်တို့ ဖတ်တဲ့ စာတွေ၊ ကြည့်တဲ့ ရုပ်ရှင်တွေက ထက်တို့ရဲ့ "ပုံမှန်" ဆိုတဲ့ စံနှုန်းကို တဖြည်းဖြည်း ချိုးဖဲ့ ပြောင်းလဲပစ်တယ်။ "Fic ထဲမှာတောင် လက်ခံနိုင်သေးတာပဲ၊ အပြင်မှာ ဒီလောက်တော့ မဆိုးပါဘူး" ဆိုတဲ့ အတွေးတွေ ဝင်လာစေတယ်။
Grooming ကို "Romance" လို့ ရေးထားတဲ့ Fic တွေကို အားပေးတာ ရပ်ပါ။ ဆရာ-တပည့် ဇာတ်လမ်းကို "ချစ်စရာလေး" လို့ ပြောတာ ရပ်ပါ။ အရွယ်မရောက်သေးတဲ့ ဇာတ်ကောင်ကို အရွယ်ရောက်ပြီးသား ဇာတ်ကောင်က အနိုင်ကျင့်တာကို "ရို" တယ်လို့ ထင်တာ ရပ်ပါ။ ဒါတွေက "ရို" တာ မဟုတ်ဘူး၊ "ရာဇဝတ်မှု" လို့ ခေါင်းစဉ်တပ်ရမှာ။
စာရေးသူတွေကို ထက် ပြောချင်တာက
ထက်တို့ရဲ့ စိတ်ကူးစိတ်သန်းတွေက ကလေးတွေကို သတ်နေလို့ မဖြစ်ဘူး။
အသက်ကွာဟတဲ့ ဇာတ်လမ်း ရေးချင်လား။ ရေးပါ။ ဒါပေမဲ့ အဲဒီထဲက "အာဏာ မမျှတမှု" (Power Imbalance) ကို ချရေးပါ။ "ခြယ်လှယ်မှု" (Manipulation) ကို ချရေးပါ။ Grooming process ကြီးကို "အချစ်" လို့ မပုံဖော်ဘဲ "ဒါက အလွဲသုံးစားမှု" ဆိုတာကို ပေါ်လွင်အောင် ရေးပါ။ ဒါမှမဟုတ်လည်း ၂၀ နဲ့ ၄၀ ဆိုပြီးရေးရင်ရေးပါ။
ဆရာ-တပည့် ဇာတ်လမ်း ရေးချင်လား။ ရေးပါ။ ဒါပေမဲ့ အဲဒါက "ရာဇဝတ်မှု" (Criminal case) ဖြစ်သွားတာကို ရေးပါ။ ဆရာ အဖမ်းခံရတာ၊ တပည့်မှာ စိတ်ဒဏ်ရာ ရသွားတာကို ရေးပါ။ "ရိုမန်းတစ်" အချစ်ဇာတ်လမ်းလို မရေးပါနဲ့။
တကယ်လို့ Adult Themes (လူကြီး အကြောင်းအရာ) တွေ၊ ကြမ်းတမ်းတဲ့ လိင်ဆက်ဆံမှုတွေ ရေးချင်တယ်ဆိုရင် ကျေးဇူးပြုပြီး ရှင်တို့ရဲ့ ဇာတ်ကောင်တွေကို "အသက်" ကြီးပေးလိုက်ပါ (Age Up Your Characters!)။ အသက် ၁၆ နှစ်၊ ၁၇ နှစ် ကလေးတွေကို သုံးပြီး မရေးပါနဲ့။ အသက် ၂၅ နှစ် နဲ့ ၃၀ ဆိုရင်လည်း ရှင်တို့ ရေးချင်တဲ့ ဇာတ်လမ်းကို ရေးလို့ရတာပဲ။ ဘာလို့ အရွယ်မရောက်သေးတဲ့ ကလေးတွေကိုမှ တမင် ရွေးပြီး အသုံးချနေရတာလဲ။
နိဂုံးချုပ်
ထက် ပြောချင်တာ ရှင်းရှင်းလေးပါ။
Pedophilia ဆိုတာ စိတ်ပိုင်းဆိုင်ရာ စွဲလမ်းမှု။ Child Grooming ဆိုတာ အဲဒီ စွဲလမ်းမှုကို အကောင်အထည်ဖော်ဖို့၊ ဒါမှမဟုတ် ကိုယ့်ရဲ့ တဏှာကို ဖြေဖျောက်ဖို့ ကလေးတစ်ယောက်ကို စနစ်တကျ ဖျားယောင်း အသုံးချတဲ့ လုပ်ငန်းစဉ်။
ထက်တို့ရဲ့ လူ့အဖွဲ့အစည်းက "အသက်" "အာဏာ" "သဘောတူညီချက်" ဆိုတဲ့ စကားလုံးတွေရဲ့ အဓိပ္ပါယ်ကို ပေါ့ပေါ့တန်တန် သဘောထားလွန်းတယ်။
ထက်တို့ရဲ့ မီဒီယာတွေ အထူးသဖြင့် ထက်တို့ မျိုးဆက်သစ်တွေ ကြားထဲက BL/GL Fic ယဉ်ကျေးမှုတွေက ဒီ "အလွဲသုံးစားမှု" တွေကို "အချစ်" ဆိုတဲ့ သကြားလုံးနဲ့ ဖုံးအုပ်ပြီး ကျွေးနေတယ်။
ထက်ကတော့ ဒီနေ့ကစပြီး ဒါတွေကို တိုက်ထုတ်မယ်။ စာတစ်ပုဒ် ဖတ်တိုင်း၊ ရုပ်ရှင်တစ်ကား ကြည့်တိုင်း "ဒါ အချစ်လား၊ ဒါမှမဟုတ် Grooming လား" ဆိုတာကို ထက် မေးခွန်းထုတ်မယ်။ ထက်က စာရေးသူတစ်ယောက်မို့ ထက်ရဲ့ စာတွေမှာ ဒီလို အဆိပ်အတောက် ဖြစ်တဲ့ ပုံဖော်မှုတွေ လုံးဝ မပါအောင် တာဝန်ယူမယ်။
ထက်တို့ မျိုးဆက်က ပိုပြီး အသိဉာဏ် ရှိရမယ်။ ပိုပြီး ဝေဖန်ပိုင်းခြားနိုင်ရမယ်။
ကလေးတွေကို ကာကွယ်ပါ။ ကလေးတွေကို အသုံးမချပါနဲ့။ ကလေးတွေကို အသုံးချတာကို "ရိုမန်းတစ်" လို့ မခေါ်ဝေါ်ကြပါနဲ့။
ထက်။
https://t.me/womennationwomenkingdom
https://facebook.com/womennationwomenkingdom
https://www.facebook.com/ideahubmyanmar218
https://www.facebook.com/HtetOfficialMM
https://www.tiktok.com/@womennationwomenkingdom
#ChildProtection #SayNoToGrooming #BLGLAwareness #PedophiliaAwareness #ResponsibleMedia #ThinkBeforeYouRead
တစ်ကယ် ဖတ်လိုက်မိလို့ အတွေးအခေါ်အသစ်တွေရသွားပါတယ် ကိုယ်လည်း အဲ့လို age gap ဖြစ်ပြီး abused လုပ်တဲ့ wattpad တွေဖတ်ပြီး ဘာမှမဖြစ်ဘူးလို့တွေးခဲ့တယ် စာအုပ်တွေရဲ့ influence ကလည်း တစ်ကယ် ကိုယ့်ကိုပါ သက်ရောက်နေတာသတိထားမိလိုကြတယ် ကိုယ်နဲ့စကားပြောနေတဲ့ သူက ၂၃ ကိုယ်က ၁၇ age gap များတာလား မများတာလားမသိပေမဲ့ ထပ်ပြီးတော့ adult ဖြစ်ပြီးသား လူနဲ့ ဆက် interact မလုပ်သင့်ဘူးလို့ တွေးမိတယ် ကျေးဇူးအများကြီးပါရှင့် blog post ဖတ်ပြီး တစ်ကယ် မျက်စိပွင့်သွားသလိုပဲ 🙇♀️🎀
ReplyDeleteယခုလို comment ရေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။ ❤️
Deleteဆရာ တပည့် romance ဆိုတဲ့ fic တစ်ခုဖတ်ဖူးတယ် ရေးထားတဲ့အကြောင်းအရာတွေအကုန်ပါပီးတော့ ညစ်ညမ်းအကြောင်းအရာတွေပါပါတယ် ကိုယ်ကတော့ ဖတ်ပီးတော့ အဲ့လိုမျိုးတွေ မတင်စေချင်ပေမယ့် အဲ့တာမျိုးတွေကြိုက်တဲ့ မိန်းကလေးတွေအများကြီးရှိနေတာ တွေ့ရတယ် (၁၂ နှစ် ကလေးတွေကအစ) တကယ်ကို social media မှာရော public မှာပါ ရှုပ်ချချင်ခဲ့ပေမယ့် ကိုယ့်သူငယ်ချင်းတွေရောက အဲ့လိုမျိုးကိုစွဲလမ်းသူတွေဖြစ်နေကြတာ ရော၊ ကိုယ်ကလည်း social အ၀န်းကျဉ်းပီးတော့ အပေါင်းအသင်းနည်းတာမို့ အခွင့်အရေးမရတာရောကြောင့် မတတ်သာခဲ့ဘူး။ ဒီဆောင်းပါးကိုဖတ်လိုက်ရတော့ အားရှိသွားသလိုခံစားရပီးတော့ စာရေးသူကိုလည်း လေးစားမိပါတယ်။
ReplyDeleteယခုလို comment ရေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။ ❤️
Deleteဟုတ်ပါတယ်ရှင့် အပြည့်အ၀ထောက်ခံပါတယ် ကိုယ်လည်းBL fic တွေ Normal ficတွေအရင်ကဖတ်ပါတယ် ဒါမေမယ့် age gap အရမ်းကွာတဲ့ဟာတစ်ပုဒ်ဖတ်ဖူးတယ် အဲ့နောက်ပိုင်းတော့မဖတ်တော့ဘူးအပေါ်ကပြောထားတဲ့အတိုင်းချစ်လို့ပါ ဆိုပြီးထိန်းချုပ်တာအလိုမတူဘဲသဘောကျလုပ်တာတွေအများကြီးပါတယ်အဲ့တာကိုအများစုကတော့ရိုတယ်လို့ပြောကြတယ်ပေါ့ကိုယ်ကတော့တွေးမိတယ်အဲ့ဇာတ်ကောင်နေရာမှာကိုယ်သာဆိုနေနိုင်မှာလားချစ်လို့ပါဆိုပြီးbrainwash လုပ်ထားတာမလားအဲတာမျိုးတွေကtrendဖြစ်တာဆွဲဆောင်မှုရှိတယ်ဆိုပြီးစာရေးသူတွေကိုမရေးစေချင်ဘူးအဲ့အကြောင်းပြောမယ်ဆွေးနွေးမယ်ဆိုရင်အများကြီးပေါ့။ဒီဆောင်းပါးကိုအပြည့်အ၀ထောက်ခံပါတယ်။စာရေးသူထက်မြတ်ဧကရီကိုလည်းလေးစားပါတယ်။
ReplyDeleteယခုလို comment ရေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။ ❤️
Deleteမှန်ကန်ပါတယ်
ReplyDeleteစာရေးသူကိုလဲထောက်ခံပါတယ်
blကားတွအရင်ကကြည့်ဖြစ်ပါတယ်နောက်ပိုင်းမကြည့်တော့ဘူးတကယ်တော့အဲဟာတွကမသိစိတ်ကနေလိင်ပိုင်းဆိုငိရာတွေကိုနိုးဆွနေတာ
လူငယ်အများအပြားကလွဲလမ်းမှန်းမသိစွဲလမ်းပြီနောက်ပိုင်းကျအပြင်လောကမှာပါကူးဆက်လာတယ်
အချစ်ဆိုတာကိုcoverယူပြီတကယ်ကျတော့လိင်ဆံခံမှုတွေပါပဲ
မှားမှန်မသိမှားနေတဲ့လူတွေအတွက်ဒီစာလေးကိုလူတိုင်းဖတ်ခွင့်ရအောင်ထောက်ပြပြီရေးပေးတဲ့စာရေးသူရယ်တကယ်ကောင်းပါတယ်ရှင့်🥰🥰🥰🥰
ယခုလို comment ရေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။ ❤️
Deleteအရင်က ဒါတွေမကြိုက်ဘူး ဒါတွေမဖြစ်သင့်ဘူး မတရားဘူးပါးစပ်ပိတ်မနေသင့်ဘူး လို့ပြောနေပေမယ့် ဇာတ်လမ်းတွေထဲမှာမြင်ရင် ဟာဒီကားမကြိုက်ဘူးဒီလိုဇာတ်လမ်းမကြိုက်ဘူးဆိုပြီးကျော်ပစ်ခဲ့ရုံပဲ ဒီလောက်ထိမတွေးမိခဲ့ဘူး အခုမှအရမ်းအန္တရာယ်များတာပဲလို့သတိဝင်မိတယ်
ReplyDeleteထက်ရဲ့စာကိုဖတ်ပြီးမေ့နေတာတွေသတိရပြီး ကိုယ့်ပတ်ဝန်းကျင်နဲ့လူမှုအသိုင်းအဝိုင်းကိုတက်နိုင်သမျှကူညီကာကွယ်ဖို့တာဝန်တစ်ခုပေးခံ ို က်ရသလိုပါပဲ
ယခုလို comment ရေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။ ❤️
Delete