ကြယ်တွေကြွေတဲ့အခါ ပြည့်တန်ဆာတွေက ရယ်နေကြတယ်တဲ့လား

ကြယ်တွေကြွေတဲ့အခါ ပြည့်တန်ဆာတွေက ရယ်နေကြတယ်တဲ့လား

တန်ဖိုးကို မည်သူက သတ်မှတ်သနည်း။ ဂုဏ်သိက္ခာကို မည်သည့်နေရာတွင် ရှာဖွေရမည်နည်း။ 

ဟယ်လို... ထက်ပါ...။ Transwoman တစ်ယောက်၊ စာရေးရတာကို သဘောကျသလို နိုင်ငံရေး၊ လူမှုရေး၊ သိပ္ပံပညာရပ်တွေကို လေ့လာရတာကိုလည်း ခုံမင်တဲ့သူတစ်ယောက်ပေါ့။ ဒီနေ့ ထက်ပြောချင်တဲ့ခေါင်းစဉ်က နည်းနည်းတော့ ထိရှလွယ်တယ်။ နားလည်ရခက်တဲ့ ရှုထောင့်တွေလည်း အများကြီးရှိနေနိုင်တယ်။ ဒါပေမယ့် ဒီလိုခေါင်းစဉ်မျိုးတွေကို ကျွန်မတို့တွေ ပွင့်ပွင့်လင်းလင်း မဆွေးနွေးကြရင် အမှန်တရားနဲ့ ဝေးနေကြဦးမှာပဲ။ ခေါင်းစဉ်ကတော့ "စစ်မှန်တဲ့နိုင်ငံရေးပညာရှင်၊ နိုင်ငံရေးလှုပ်ရှားသူ၊ လူမှုရေးလှုပ်ရှားသူတွေက ငတ်ပြတ်နေချိန်မှာ ပြည့်တန်ဆာတွေက ချမ်းသာနေကြတယ်" ဆိုတဲ့ စကားတစ်ခွန်းအပေါ် ထက်ရဲ့ အတွေးအမြင်တွေပါပဲ။

ဒီစကားကို ကြားလိုက်တာနဲ့ လူတော်တော်များများရဲ့ ခေါင်းထဲမှာ ပုံရိပ်နှစ်ခု ပေါ်လာလိမ့်မယ်။ တစ်ခုကတော့ အမှန်တရားအတွက်၊ ပြည်သူအတွက် ဆိုပြီး မမောမပန်း အနစ်နာခံနေတဲ့ ဆင်းရဲနွမ်းပါးပေမယ့် ဇွဲမလျှော့တဲ့ တက်ကြွလှုပ်ရှားသူတစ်ယောက်ရဲ့ ပုံရိပ်။ နောက်တစ်ခုကတော့ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ရင်းပြီး လွယ်လွယ်ကူကူ ပိုက်ဆံရှာနေတဲ့ အသုံးအဖြုန်းကြီးပြီး ကိုယ်ကျင့်တရားပျက်ပြားတယ်လို့ အများက သတ်မှတ်ထားတဲ့ ပြည့်တန်ဆာတစ်ယောက်ရဲ့ ပုံရိပ်။ ဒီလို ယေဘုယျဆန်လွန်းတဲ့ ပုံဖော်မှုတွေက ကျွန်မတို့ရဲ့ အမြင်တွေကို ဘယ်လောက်အထိ လွှမ်းမိုးထားလဲဆိုတာကို အရင်ဆုံး ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။

ဒီစကားရပ်မှာ အပိုင်းနှစ်ပိုင်းရှိတယ်။ ပထမအပိုင်းက "စစ်မှန်သော နိုင်ငံရေးသမား၊ တက်ကြွလှုပ်ရှားသူများ ငတ်ပြတ်နေကြသည်" ဆိုတဲ့ အပိုင်း။ ဒုတိယအပိုင်းက "ပြည့်တန်ဆာများက ချမ်းသာကြွယ်ဝနေကြသည်" ဆိုတဲ့ အပိုင်း။ ဒီအပိုင်းနှစ်ပိုင်းလုံးကို တစ်ခုချင်းစီ သေချာခွဲခြမ်းစိတ်ဖြာကြည့်ကြရအောင်။

အပိုင်း (၁) - အမှန်တရားအတွက် ရပ်တည်သူတို့၏ ဆာလောင်ခြင်း

ပထမဆုံးအနေနဲ့ "စစ်မှန်သော" ဆိုတဲ့ စကားလုံးကို သုံးသပ်ကြည့်ရအောင်။ ဘယ်လိုလူကို "စစ်မှန်သော" တက်ကြွလှုပ်ရှားသူလို့ ခေါ်မလဲ။ ကိုယ်ကျိုးစွန့် အနစ်နာခံသူလား။ ထောင်ကျအကျဉ်းစံခံခဲ့ရသူလား။ ဒါမှမဟုတ် အာဏာရှင်စနစ်ကို အပြင်းအထန် ဆန့်ကျင်နေသူလား။ ဒီနေရာမှာ "စစ်မှန်ခြင်း" ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်က တစ်ယောက်နဲ့တစ်ယောက် တူမှာမဟုတ်ပါဘူး။ ဒါပေမယ့် ယေဘုယျအားဖြင့်တော့ ကိုယ်ပိုင်ယုံကြည်ချက်အတွက်၊ လူ့အဖွဲ့အစည်းရဲ့ ကောင်းကျိုးအတွက် ကိုယ်ကျိုးမဖက်ဘဲ အချိန်၊ ငွေ၊ ဘဝကိုပါ ပေးဆပ်ရဲသူတွေကို ရည်ညွှန်းတာဖြစ်ပါလိမ့်မယ်။

မြန်မာနိုင်ငံရဲ့ သမိုင်းကို ပြန်ကြည့်လိုက်ရင် ဒီလို "စစ်မှန်သော" သူရဲကောင်းတွေ အများကြီးရှိခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကစလို့၊ သခင်ကိုယ်တော်မှိုင်း၊ ဆရာကြီးသခင်ဗဟိန်း၊ ဦးသန့်၊ ဒေါ်အောင်ဆန်းစုကြည်အထိ နိုင်ငံနဲ့လူမျိုးအတွက် ကိုယ်ကျိုးစွန့်ခဲ့ကြတဲ့ ခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ မနည်းလှပါဘူး။ သူတို့တွေဟာ ချမ်းသာကြွယ်ဝမှုကို မက်မောခဲ့ကြသူတွေ မဟုတ်ပါဘူး။ အမှန်တရား၊ တရားမျှတမှုနဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကိုသာ ရှေ့တန်းတင်ခဲ့ကြသူတွေပါ။ တခါတလေ ရေဘဲသောက်နေရတဲ့ရက်တွေ၊ တခါတလေ အဖျားဝင်ရင်တောင် ဆေးဝါးမရှိတဲ့နေ့ရက်တွေရှိခဲ့ကြတဲ့ နိုင်ငံရေးပညာရှင်တွေ၊ အတွေးအခေါ်သမားတွေဆိုတာလည်း လွန်စွာပေါများပါတယ်။

မျက်မှောက်ခေတ်ကို ကြည့်လိုက်ရင်လည်း ဒီလိုပါပဲ။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပေါ်ထွက်လာခဲ့တဲ့ လူငယ်တက်ကြွလှုပ်ရှားသူတွေ၊ CDM ဝန်ထမ်းတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ သူတို့ရဲ့ ဘဝတစ်ခုလုံးကို ပုံအပ်ပြီး တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေကြတာပါ။ သူတို့တွေဟာ မိသားစုနဲ့ ခွဲခွာရတယ်၊ ပညာရေးကို စွန့်လွှတ်ရတယ်၊ အသက်အန္တရာယ်ကို ရင်ဆိုင်နေရတယ်။ စားဝတ်နေရေးအတွက် ရုန်းကန်နေရတာကို ပြောစရာတောင်မလိုပါဘူး။ ထမင်းတစ်နပ်ကိုတောင် ပြည့်ပြည့်၀၀ စားရဖို့ မသေချာတဲ့သူတွေ ဒုနဲ့ဒေးပါ။ ဒါဟာ သူတို့ "မတော်လို့", "မစွမ်းဆောင်နိုင်လို့" မဟုတ်ပါဘူး။ သူတို့ရွေးချယ်လိုက်တဲ့ လမ်းကြောင်းရဲ့ သဘာဝကိုက အခုလို အခက်အခဲတွေနဲ့ ပြည့်နှက်နေတာပါ။

ကျွန်မတို့ "နိုင်ငံရေးပညာရှင်"၊ "တော်လှန်ရေးသမား" လို့ပြောလိုက်ရင် သမိုင်းကို ပြောင်းလဲစေခဲ့တဲ့ ဩဇာကြီးမားတဲ့ ပုဂ္ဂိုလ်ကြီးတွေကို သတိရကြတယ်။ သူတို့ရဲ့ အတွေးအခေါ်တွေ၊ သူတို့ရဲ့ စာအုပ်တွေက ဒီကနေ့ကမ္ဘာကြီးကို ပုံဖော်ခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့ နေ့စဉ်ဘဝတွေကရော ဘယ်လိုရှိခဲ့လဲ။ သူတို့တွေက ရွှေပန်းကန်ထဲ ထမင်းထည့်စားခဲ့ရသူတွေလား။ သူတို့ဟာ ဘဝအစမှာ ချမ်းသာတဲ့မိသားစုမှာ မွေးဖွားကောင်း၊ မွေးလာခဲ့နိုင်ပေမယ့် နောက်ပိုင်းဘဝကရော ဘယ်လိုလဲ။

အဖြေကတော့ ပြတ်ပြတ်သားသား မဟုတ်ဘူး ပါပဲ။

ကွန်မြူနစ်ဝါဒရဲ့ ဖခင်ကြီး၊ "Das Kapital" ကျမ်းတို့၊ ကွန်မြူနစ်ကြေညာစာတမ်းတို့ စတဲ့ကမ္ဘာကျော်တဲ့စာအုပ်တွေကို ရေးသားခဲ့တဲ့ ကားလ်မာ့စ် (Karl Marx) ရဲ့ ဘဝကိုပဲ ကြည့်။ သူဟာ အလုပ်သမားလူတန်းစားရဲ့ ဘဝကို ပြောင်းလဲဖို့အတွက် သူ့ရဲ့ဘဝတစ်ခုလုံးကို မြှုပ်နှံခဲ့တယ်။ ဒါပေမယ့် သူကိုယ်တိုင်ကတော့ ဆင်းရဲမွဲတေမှုရဲ့ သားကောင်တစ်ယောက် ဖြစ်ခဲ့ရပါတယ်။ သူ့မိသားစုဟာ လန်ဒန်မြို့က ဆင်းရဲသားရပ်ကွက်တစ်ခုမှာ အခန်းကျဉ်းလေးထဲမှာ နေခဲ့ရတယ်။ သူ့ကလေးတွေဟာ အာဟာရမပြည့်ဝမှု၊ ဆေးဝါးမလုံလောက်မှုတွေကြောင့် သူ့မျက်စိရှေ့မှာပဲ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားခဲ့ကြတယ်။ သူ စာရေးဖို့ စားပွဲတစ်လုံးတောင် ကောင်းကောင်းမရှိခဲ့ဘူး။ သူ့ရဲ့ အရင်းနှီးဆုံးမိတ်ဆွေ ဖရက်ဒရစ်အိန်ဂယ်လ်စ် (Friedrich Engels) ရဲ့ ထောက်ပံ့မှုသာမရှိခဲ့ရင် မာ့စ်တစ်ယောက် သူ့ရဲ့ အတွေးအခေါ်တွေကို စာအုပ်အဖြစ် ချရေးနိုင်ခဲ့မှာတောင် မဟုတ်ပါဘူး။ သေဆုံးချိန်ဇာပနမှာတောင် လူအနည်းငယ်ဘဲရှိပါတယ်။ 

ဘာကြောင့် ဒီလောက်တော်တဲ့၊ ထက်မြက်တဲ့ ပညာရှင်ကြီးတစ်ယောက်က ဒီလောက်အထိ ဆင်းရဲတွင်းနက်ခဲ့ရတာလဲ။ အကြောင်းရင်းက ရှင်းပါတယ်။ သူဟာ လက်ရှိတည်ဆဲ အရင်းရှင်စနစ်ကြီးကို အပြင်းအထန် ဝေဖန်တိုက်ခိုက်ခဲ့သူဖြစ်လို့ပါပဲ။ သူ့ရဲ့အတွေးအခေါ်တွေက အာဏာပိုင်တွေ၊ စက်ရုံပိုင်ရှင်တွေ၊ ဘဏ်လုပ်ငန်းရှင်တွေရဲ့ အကျိုးစီးပွားကို တိုက်ရိုက်ခြိမ်းခြောက်ခဲ့တယ်။ ဒါကြောင့် တက္ကသိုလ်တွေက သူ့ကို အလုပ်မခန့်ဘူး၊ အစိုးရတွေက သူ့ကို ပြည်နှင်ဒဏ်ပေးတယ်၊ သူ့စာအုပ်တွေကို ပိတ်ပင်တယ်။ သူဟာ စနစ်ရဲ့ အပြင်ဘက်ကို အတင်းအကျပ် တွန်းထုတ်ခံခဲ့ရသူပါ။ ဒါပေမယ့် သူ့ရဲ့ ဆင်းရဲမွဲတေမှုက သူ့ရဲ့အတွေးအခေါ်တွေရဲ့ တန်ဖိုးကို လျော့ကျသွားစေခဲ့လား။ မသွားပါဘူး။ သူ့ရဲ့ ဆာလောင်ခြင်းက အလုပ်သမားလူတန်းစားရဲ့ ဆာလောင်ခြင်းကို ကိုယ်ချင်းစာနိုင်စေခဲ့ပြီး ပိုမိုခိုင်မာတဲ့၊ ပိုမိုပြင်းထန်တဲ့ အတွေးအခေါ်တွေကို မွေးဖွားပေးခဲ့ပါတယ်။

မာ့စ်တစ်ယောက်တည်းလားဆိုတော့ မဟုတ်သေးဘူး။ "The Social Contract" ကို ရေးခဲ့တဲ့ ဂျင်း-ဂျက် ရူးဆိုး (Jean-Jacques Rousseau) လို ဉာဏ်အလင်းခေတ် (Enlightenment) တွေးခေါ်ရှင်တွေ၊ အမေရိကန်ပြည်ထောင်စုရဲ့ တည်ထောင်သူဖခင်တွေထဲက တစ်ယောက်ဖြစ်တဲ့ Thomas Paine တို့လို ပုဂ္ဂိုလ်တွေဟာလည်း သူတို့ရဲ့ တော်လှန်တဲ့ အတွေးအခေါ်တွေကြောင့် ဆင်းရဲမွဲတေမှု၊ ပြည်နှင်ဒဏ်ပေးခံရမှုတွေနဲ့ ဘဝကို နိဂုံးချုပ်ခဲ့ရသူတွေချည်းပါပဲ။ ဒီသမိုင်းဖြစ်ရပ်တွေက ကျွန်မတို့ကို ဘာကိုပြနေလဲဆိုတော့ စစ်မှန်တဲ့နိုင်ငံရေးတွေးခေါ်ရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေရဲ့ ဆင်းရဲမွဲတေမှုဟာ သူတို့ရဲ့ ကိုယ်ပိုင်အရည်အချင်းညံ့ဖျင်းမှုကြောင့်မဟုတ်ဘဲ၊ သူတို့ဟာ တည်ဆဲအာဏာနဲ့ စနစ်ကို စိန်ခေါ်ဝံ့တဲ့ သတ္တိရှိသူတွေဖြစ်နေလို့ပါပဲ။ သူတို့ရဲ့ ငတ်မွတ်ခြင်းဟာ စနစ်က သူတို့ကို တမင်တကာ အပြစ်ပေးထားတဲ့ ဒဏ်ခတ်မှုတစ်ခု ဖြစ်ပါတယ်။

၂၀ ရာစုကို ပြန်ကြည့်လိုက်ရင် လက်တင်အမေရိကတိုက်ဟာ တော်လှန်ရေးမီးလျှံတွေ တောက်လောင်ခဲ့တဲ့ နေရာတစ်ခုပါ။ ဖီဒယ်ကက်စ်ထရို (Fidel Castro)ချေဂွေဗားရား (Che Guevara)ဒယ်နီယယ် အော်တေးဂါး (Daniel Ortega) တို့လို တော်လှန်ရေးခေါင်းဆောင်တွေဟာ အမေရိကန် ကျောထောက်နောက်ခံပြုထားတဲ့ အာဏာရှင်စနစ်တွေကို လက်နက်ကိုင်တော်လှန်ခဲ့ကြတယ်။ သူတို့တွေကရော ဇိမ်ကျကျနဲ့ တော်လှန်ရေးလုပ်ခဲ့ကြတာလား။

လုံးဝမဟုတ်ပါဘူး။ ချေဂွေဗားရားရဲ့ ဒိုင်ယာရီ (The Motorcycle Diaries) ကို ဖတ်ဖူးသူတိုင်း သိပါလိမ့်မယ်။ သူဟာ ဆရာဝန်ဘွဲ့ရတစ်ယောက်ရဲ့ သက်သောင့်သက်သာဘဝကို စွန့်လွှတ်ပြီး လက်တင်အမေရိကတိုက်က ဆင်းရဲသားပြည်သူတွေရဲ့ ဘဝကို ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ခံစားခဲ့တယ်။ သူဟာ တော်လှန်ရေးကာလတစ်လျှောက်လုံး တောထဲတောင်ထဲမှာ နေထိုင်ခဲ့ရတယ်၊ အငတ်ငတ်အပြတ်ပြတ် နေခဲ့ရတယ်၊ ရောဂါဘယတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ သူ့အတွက် အရေးကြီးဆုံးက ကိုယ်ပိုင်ချမ်းသာကြွယ်ဝမှုမဟုတ်ဘဲ လူမှုတော်လှန်ရေး (Social Revolution) အောင်မြင်ဖို့ပါပဲ။

ကျူးဘားတော်လှန်ရေးအစောပိုင်းကာလတွေမှာဆိုရင် ကက်စ်ထရိုနဲ့ သူ့ရဲ့ရဲဘော်တွေဟာ Sierra Maestra တောင်တန်းတွေထဲမှာ အစာရေစာပြတ်လပ်မှုနဲ့ အပြင်းအထန် ရင်ဆိုင်ခဲ့ရပါတယ်။ သူတို့ကို ထောက်ပံ့နေတဲ့ တစ်ခုတည်းသော အရာကတော့ တောင်သူလယ်သမားတွေက ခိုးကြောင်ခိုးဝှက် ကျွေးမွေးတဲ့ အစားအစာနည်းနည်းလေးနဲ့ မယိမ်းမယိုင်သော ယုံကြည်ချက်ပါပဲ။ သူတို့ဟာ စားဖို့တောင် ကောင်းကောင်းမွန်မွန် မရှိတဲ့အချိန်မှာ အင်အားကြီးမားတဲ့ ဘာတစ်စတာ (Batista) အစိုးရရဲ့ စစ်တပ်ကို ရင်ဆိုင်တိုက်ခိုက်ခဲ့ကြတာပါ။

သူတို့ရဲ့ ရုန်းကန်ရမှုတွေဟာ လက်ရှိ မြန်မာနိုင်ငံက ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲဘော်တွေရဲ့ အခြေအနေနဲ့ အများကြီး ဆင်တူပါတယ်။ စားနပ်ရိက္ခာ မလုံလောက်ဘူး၊ လက်နက်ခဲယမ်း မပြည့်စုံဘူး၊ ဆေးဝါးမလုံလောက်ဘူး။ ဒါပေမယ့် သူတို့မှာ မတရားမှုကို ဆန့်ကျင်လိုတဲ့ စိတ်ဓာတ်အင်အား (moral strength) အပြည့်ရှိတယ်။ သူတို့ရဲ့ ဆင်းရဲဒုက္ခဟာ သူတို့ရဲ့ တော်လှန်ရေးရည်မှန်းချက်ကို ပိုပြီးတော့တောင် ခိုင်မာစေပါတယ်။

ဒီဥပမာတွေက ဘာကိုပြသနေလဲဆိုတော့ တော်လှန်ရေးသမားတစ်ယောက်ရဲ့ ဘဝဆိုတာ သေချာပေါက် ဆင်းရဲဒုက္ခနဲ့ ဒွန်တွဲနေတယ်ဆိုတာပါပဲ။ သူတို့ရွေးချယ်လိုက်တဲ့လမ်းက ချမ်းသာကြွယ်ဝမှုနဲ့ ဆန့်ကျင်ဘက်လမ်းဖြစ်နေလို့ပါပဲ။ သူတို့ဟာ ပုဂ္ဂလိက ချမ်းသာမှုကို မက်မောနေရင် တော်လှန်ရေးသမားဖြစ်လာမှာ မဟုတ်ပါဘူး။ သူတို့ဟာ စနစ်ဆိုးအောက်မှာ အခွင့်အရေးယူပြီး ချမ်းသာနေတဲ့သူတွေ ဖြစ်သွားပါလိမ့်မယ်။

ဘာကြောင့်လဲ?

၁။ စနစ်ရဲ့ ဖိနှိပ်မှု (Systemic Oppression)

နိုင်ငံရေးနဲ့ လူမှုရေး တက်ကြွလှုပ်ရှားသူတွေဟာ အများအားဖြင့် လက်ရှိအာဏာရစနစ်ကို စိန်ခေါ်သူတွေ၊ ပြောင်းလဲချင်သူတွေ ဖြစ်ကြပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို အာဏာရှင်စနစ်အောက်မှာဆိုရင် သူတို့ကို နိုင်ငံတော်ရဲ့ ရန်သူအဖြစ် သတ်မှတ်ပြီး နည်းမျိုးစုံနဲ့ ဖိနှိပ်ပါတယ်။ ဖမ်းဆီးထောင်ချတာ၊ လုပ်ငန်းခွင်ကနေ ထုတ်ပယ်တာ၊ စီးပွားရေးလုပ်ငန်းတွေကို ပိတ်သိမ်းတာတွေ လုပ်တဲ့အတွက် သူတို့အတွက် ဝင်ငွေရလမ်းဟာ အလိုလို ပိတ်သွားတတ်ပါတယ်။

၂။ ငွေကြေးထောက်ပံ့မှုရဲ့ သဘောသဘာဝ

တက်ကြွလှုပ်ရှားမှုတွေအတွက် ငွေကြေးထောက်ပံ့မှုဆိုတာကလည်း အင်မတန် နူးညံ့သိမ်မွေ့တဲ့ ကိစ္စတစ်ခုပါ။ အလှူငွေတွေအပေါ်မှာ မှီခိုနေရတာများပါတယ်။ ဒီအလှူငွေတွေကလည်း အမြဲတမ်း တည်ငြိမ်နေတာမျိုး မဟုတ်ပါဘူး။ ပြည်သူလူထုရဲ့ စိတ်ဝင်စားမှု၊ နိုင်ငံတကာရဲ့ အခြေအနေပေါ်မူတည်ပြီး အတက်အကျရှိပါတယ်။ ပြီးတော့ ဒီငွေကြေးတွေကို ကိုယ်ပိုင်သုံးစွဲဖို့ မဟုတ်ဘဲ လုပ်ငန်းလည်ပတ်ဖို့၊ လှုပ်ရှားမှုတွေအတွက်သာ အဓိက သုံးရတာပါ။ နောက်ပြီး အဲလို အလှူခံတာကိုလည်း အပြစ်တင်သူတွေက ရှိပါသေးတယ်။ စစ်မှန်တဲ့တက်ကြွလှုပ်ရှားသူတစ်ယောက်အနေနဲ့ အများပြည်သူရဲ့ ယုံကြည်မှုကို အလွဲသုံးစားမလုပ်လိုတဲ့အတွက် ကိုယ့်ရဲ့ကိုယ်ပိုင်ဘဝအတွက် ချမ်းသာကြွယ်ဝအောင် လုပ်ဖို့ဆိုတာကတော့ ဝေလာဝေးပါပဲ။

၃။ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်း

တက်ကြွလှုပ်ရှားသူတစ်ယောက်၊ အထူးသဖြင့် အစိုးရကို ဆန့်ကျင်တဲ့သူတစ်ယောက်ကို ဘယ်ကုမ္ပဏီက အလုပ်ခန့်ချင်မှာလဲ။ သူတို့ရဲ့ နောက်ကြောင်းရာဇဝင်ကြောင့် အလုပ်ကောင်းကောင်းရဖို့ ခက်ခဲပါတယ်။ ပညာအရည်အချင်း ဘယ်လောက်ပဲရှိရှိ၊ အရည်အသွေး ဘယ်လောက်ပဲကောင်းကောင်း၊ သူတို့ရဲ့ နိုင်ငံရေးယုံကြည်ချက်က သူတို့ရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ပိတ်ဆို့ထားတတ်ပါတယ်။

ဒါကြောင့် "စစ်မှန်သော နိုင်ငံရေးသမား၊ တက်ကြွလှုပ်ရှားသူများ ငတ်ပြတ်နေကြသည်" ဆိုတဲ့စကားဟာ အတိုင်းအတာတစ်ခုအထိ မှန်ကန်တယ်လို့ ထက်မြင်ပါတယ်။ ဒါဟာ သူတို့ရဲ့ အရည်အချင်းမရှိမှုကြောင့် မဟုတ်ဘဲ သူတို့ရွေးချယ်လိုက်တဲ့ ယုံကြည်ချက်နဲ့ လမ်းကြောင်းအပေါ် စနစ်က တုံ့ပြန်တဲ့ပုံစံကြောင့် ဖြစ်ပါတယ်။ သူတို့ရဲ့ ဆာလောင်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ ဆာလောင်ခြင်းသက်သက်သာမကဘဲ တရားမျှတမှုကို ဆာလောင်ခြင်း၊ လွတ်လပ်မှုကို ဆာလောင်ခြင်းဆိုတဲ့ ပိုမိုမြင့်မြတ်တဲ့ အဓိပ္ပာယ်တွေလည်း ပါဝင်နေပါတယ်။ သူတို့ရဲ့ ဆင်းရဲတွင်းနက်ခြင်းက သူတို့ရဲ့ တန်ဖိုးကို လျှော့ချပစ်လိုက်တာမဟုတ်ဘဲ သူတို့ရဲ့ စွန့်လွှတ်အနစ်နာခံမှုကို ပိုပြီးတော့တောင် ထင်ရှားပေါ်လွင်စေပါတယ်။

အပိုင်း (၂) - ပြည့်တန်ဆာတို့၏ ချမ်းသာကြွယ်ဝမှု၊ ဟုတ်ပါသလား

ခုနက ပုံရိပ်ယောင်တွေအကြောင်း ထက်ပြောခဲ့တယ်နော်။ ပြည့်တန်ဆာလို့ ပြောလိုက်ရင် လူတွေမြင်တာက ဇိမ်ခံကားကြီးတွေစီးပြီး branded အဝတ်အစားတွေဝတ်၊ ဈေးကြီးတဲ့ စားသောက်ဆိုင်တွေမှာ ထိုင်နေတဲ့ ပုံရိပ်တွေ။ မီဒီယာတွေ၊ ရုပ်ရှင်တွေကနေတစ်ဆင့် ဒီလိုပုံဖော်မှုတွေက ကျွန်မတို့ရဲ့ မသိစိတ်ထဲမှာ အမြစ်တွယ်နေခဲ့တာကြာပါပြီ။ ဒါပေမယ့် တကယ့်လက်တွေ့ဘဝကရော ဒီလိုပဲလား။

ထက်က feminist တစ်ယောက်အနေနဲ့ ဒီကိစ္စကို ရှုမြင်တဲ့အခါမှာ "sex work is work" ဆိုတဲ့ ဆောင်ပုဒ်ကို အရင်ဆုံး လက်ကိုင်ထားချင်ပါတယ်။ လိင်လုပ်ငန်းဆိုတာလည်း အလုပ်တစ်ခုပါပဲ။ တခြားအလုပ်တွေလိုပဲ သူ့မှာလည်း အဆင့်အတန်း၊ ဝင်ငွေ၊ အခွင့်အရေး ကွာဟမှုတွေ အများကြီးရှိပါတယ်။

၁။ "High-Class" နှင့် "Street-Level" ကွာဟမှု

ဟုတ်ကဲ့၊ ချမ်းသာတဲ့ ပြည့်တန်ဆာတွေ မရှိဘူးလားဆိုတော့ ရှိပါတယ်။ နာမည်ကြီး မော်ဒယ်တွေ၊ သရုပ်ဆောင်တွေ၊ socialite တွေကြားထဲမှာ "escort" အဖြစ်နဲ့ အလုပ်လုပ်ပြီး ဝင်ငွေကောင်းနေတဲ့သူတွေ ရှိပါတယ်။ သူတို့က ချမ်းသာတဲ့ လုပ်ငန်းရှင်တွေ၊ ငွေအလွန်ရှိပုဂ္ဂိုလ်တွေကိုပဲ လက်ခံဝန်ဆောင်မှုပေးပြီး တစ်ညကို ဒေါ်လာထောင်ချီ၊ သောင်းချီရတဲ့သူတွေပါ။ ဒါပေမယ့် သူတို့ဟာ လိင်လုပ်သားအားလုံးရဲ့ ကိုယ်စားပြုမဟုတ်ပါဘူး။ သူတို့က ရေခဲတောင်ရဲ့ ထိပ်ဖျားလေးပဲရှိပါသေးတယ်။

ရေခဲတောင်ရဲ့ အောက်ခြေမှာ ဘာတွေရှိလဲ။ လမ်းဘေးမှာရပ်ပြီး ဖောက်သည်ရှာနေရတဲ့ လိင်လုပ်သားတွေ၊ အနှိပ်ခန်းတွေ၊ KTV တွေမှာ နာရီပေါင်းများစွာ အလုပ်လုပ်ပြီး ဝင်ငွေနည်းနည်းလေးပဲ ရတဲ့သူတွေ၊ မူးယစ်ဆေးစွဲနေလို့ ဒါမှမဟုတ် အကြွေးတင်နေလို့ ဒီအလုပ်ထဲကနေ ရုန်းမထွက်နိုင်တဲ့သူတွေ၊ လူကုန်ကူးခံရပြီး ဒီအလုပ်ကို မလုပ်ချင်ဘဲ လုပ်နေရတဲ့သူတွေ အများကြီးပါ။ သူတို့တွေ ချမ်းသာနေကြသလား။ မချမ်းသာပါဘူး။ သူတို့ဟာလည်း နေ့စဉ်စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ အခြေခံလူတန်းစားတွေပါပဲ။

၂။ ခေါင်းပုံဖြတ်ခံရခြင်း (Exploitation)

လိင်လုပ်ငန်းဟာ ဥပဒေအရ အကာအကွယ်မရှိတဲ့ (သို့မဟုတ် ဥပဒေက ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတဲ့) နိုင်ငံတွေမှာ လိင်လုပ်သားတွေဟာ အလွန်အမင်း ခေါင်းပုံဖြတ်ခံရပါတယ်။ ပိုင်ရှင် (pimp) တွေ၊ အနှိပ်ခန်းပိုင်ရှင်တွေ၊ ရဲတွေရဲ့ အနိုင်ကျင့်မှု၊ ငွေညှစ်မှုကို အမြဲတမ်းလိုလို ခံနေရပါတယ်။ သူတို့ရှာနိုင်တဲ့ငွေရဲ့ အများစုဟာ ဒီကြားခံလူတွေဆီကိုပဲ ရောက်သွားတာပါ။ သူတို့လက်ထဲမှာ ကျန်တာက နည်းနည်းလေးပါ။

၃။ ကျန်းမာရေးနှင့် လုံခြုံရေး စရိတ်

လိင်လုပ်သားတစ်ယောက်အတွက် အဓိက ကုန်ကျစရိတ်က ကျန်းမာရေးနဲ့ လုံခြုံရေးပါ။ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါ (STIs) တွေ မဖြစ်အောင် ပုံမှန်ဆေးစစ်ရတယ်၊ ကာကွယ်ဆေးတွေ ထိုးရတယ်၊ ကွန်ဒုံးလို အကာအကွယ်ပစ္စည်းတွေ အမြဲဆောင်ထားရတယ်။ ပြီးတော့ အန္တရာယ်ရှိတဲ့ ဖောက်သည်တွေနဲ့ ကြုံရတဲ့အခါ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက်လည်း ပြင်ဆင်ထားရတယ်။ ဒီကုန်ကျစရိတ်တွေက မနည်းပါဘူး။

၄။ လူမှုရေးအရ ဖယ်ကြဉ်ခံရခြင်း (Social Stigma)

လိင်လုပ်သားတစ်ယောက်အနေနဲ့ သူတို့ရတဲ့ငွေကို လွတ်လွတ်လပ်လပ် သုံးစွဲပြလို့ မရပါဘူး။ "ပြည့်တန်ဆာပိုက်ဆံ" ဆိုတဲ့ တံဆိပ်ကပ်ပြီး အမြင်စောင်းခံရမှာ၊ အထင်သေးခံရမှာကို ကြောက်ရပါတယ်။ မိသားစု၊ မိတ်ဆွေအသိုင်းအဝိုင်းက သိသွားမှာကို စိုးရိမ်ရပါတယ်။ ဒီလို စိတ်ပိုင်းဆိုင်ရာ ဖိအားတွေက သူတို့ရဲ့ဘဝကို ပိုပြီးခက်ခဲစေပါတယ်။

ဒါကြောင့် "ပြည့်တန်ဆာများက ချမ်းသာနေကြသည်" ဆိုတဲ့စကားဟာ အင်မတန်ကို ယေဘုယျဆန်လွန်းပြီး လက်တွေ့ဘဝနဲ့ ကင်းကွာနေတဲ့ အဆိုတစ်ခုလို့ ထက်မြင်ပါတယ်။ ချမ်းသာတဲ့သူ အနည်းစု ရှိနိုင်ပေမယ့် အများစုကတော့ ဆင်းရဲတွင်းထဲမှာ ရုန်းကန်နေရဆဲပါ။ သူတို့ရဲ့ ချမ်းသာတယ်လို့ ထင်ရတဲ့ ပုံရိပ်ဟာ တကယ်တော့ သူတို့ရဲ့ အလုပ်သဘာဝအရ ဖောက်သည်တွေကို ဆွဲဆောင်ဖို့အတွက် ဖန်တီးထားရတဲ့ အပေါ်ယံအခွံတစ်ခုသာ ဖြစ်နေတတ်ပါတယ်။

နိုင်ငံတကာရှုထောင့်မှကြည့်ရအောင်

"ပြည့်တန်ဆာများက ချမ်းသာနေသည်" ဆိုတဲ့အဆိုကို နိုင်ငံတကာ ရှုထောင့်ကနေ ကြည့်ရအောင်။

ဒီနေရာမှာ အဓိကမေးခွန်းက လိင်လုပ်ငန်းနဲ့ ပတ်သက်တဲ့ ဥပဒေတွေက လိင်လုပ်သားတွေရဲ့ ဘဝအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ ဆိုတာပါပဲ။ ကမ္ဘာပေါ်မှာ လိင်လုပ်ငန်းနဲ့ ပတ်သက်လို့ အဓိက မော်ဒယ် ၄ မျိုးရှိပါတယ်။

  • Prohibition (တားမြစ်ခြင်း): လိင်လုပ်ငန်းမှာ ပါဝင်သူအားလုံး (ရောင်းသူ၊ ဝယ်သူ၊ ကြားခံလူ) ကို ရာဇဝတ်မှုအဖြစ် သတ်မှတ်တာ။ (ဥပမာ- အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်အများစု၊ မြန်မာနိုင်ငံ)

  • Abolitionism/Nordic Model (ဖျက်သိမ်းရေးဝါဒ/နော်ဒစ်မော်ဒယ်): လိင်ဝယ်ယူသူ (ဖောက်သည်) နဲ့ ကြားခံလူကိုပဲ ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး၊ လိင်ရောင်းချသူ (လိင်လုပ်သား) ကိုတော့ ရာဇဝတ်သားအဖြစ် မသတ်မှတ်ဘဲ သားကောင် (victim) အဖြစ် သတ်မှတ်ပြီး ကူညီထောက်ပံ့ပေးတာ။ (ဥပမာ- ဆွီဒင်၊ နော်ဝေး၊ ကနေဒါ)

  • Legalization (ဥပဒေဖြင့်ခွင့်ပြုခြင်း): လိင်လုပ်ငန်းကို အစိုးရက တရားဝင်အသိအမှတ်ပြုပြီး တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ (ဥပမာ- လိုင်စင်၊ သတ်မှတ်ထားတဲ့နေရာ၊ ကျန်းမာရေးစစ်ဆေးချက်) နဲ့ ထိန်းချုပ်တာ။ (ဥပမာ- ဂျာမနီ၊ နယ်သာလန်)

  • Decriminalization (ရာဇဝတ်မှုအဖြစ်မှ ပယ်ဖျက်ခြင်း): လိင်လုပ်ငန်းကို ရာဇဝတ်မှုတစ်ခုအဖြစ် မသတ်မှတ်တော့ဘဲ တခြားသော အလုပ်အကိုင်တွေလိုပဲ အလုပ်သမားဥပဒေ (labor laws) အောက်မှာ ထားရှိပြီး အခွင့်အရေးတွေ အကာအကွယ်ပေးတာ။ (ဥပမာ- နယူးဇီလန်၊ ဘယ်လ်ဂျီယံ)

ဒီမော်ဒယ်တွေထဲမှာ Decriminalization ဟာ လိင်လုပ်သားအခွင့်အရေး လှုပ်ရှားသူတွေက အထောက်ခံဆုံး မော်ဒယ်ဖြစ်ပါတယ်။ ဘာကြောင့်လဲ။

အောင်မြင်မှု ဥပမာ- နယူးဇီလန်

၂၀၀၃ ခုနှစ်မှာ နယူးဇီလန်နိုင်ငံဟာ လိင်လုပ်ငန်းကို decriminalize လုပ်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်လာခဲ့တယ်။ သူ့ရဲ့ Prostitution Reform Act (PRA) ဥပဒေအရ လိင်လုပ်သားတွေဟာ-

  • တခြားအလုပ်သမားတွေလိုပဲ အလုပ်အကိုင်ဆိုင်ရာ အခွင့်အရေးတွေ (ဥပမာ- အနည်းဆုံးအခကြေးငွေ၊ အလုပ်ချိန်၊ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေး) အပြည့်အဝ ရရှိလာတယ်။

  • ရဲကို ကြောက်စရာမလိုဘဲ အကြမ်းဖက်ခံရတာ၊ ခေါင်းပုံဖြတ်ခံရတာတွေကို တိုင်ကြားနိုင်လာတယ်။

  • ကျန်းမာရေးဝန်ဆောင်မှုတွေကို ပိုမိုလွယ်ကူစွာ ရယူနိုင်လာပြီး လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါ (STI) နှုန်းတွေ ကျဆင်းလာတယ်။

  • ခေါင်းပုံဖြတ်တဲ့ ကြားခံလူ (pimps) တွေရဲ့ ဩဇာလွှမ်းမိုးမှုကနေ လွတ်မြောက်လာပြီး ကိုယ်ပိုင်အလုပ်ရှင်အဖြစ် ရပ်တည်နိုင်လာတယ်။

လေ့လာချက်တွေအရ နယူးဇီလန်မှာ decriminalization လုပ်ပြီးနောက်ပိုင်း လိင်လုပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ သိသိသာသာ လျော့ကျသွားပြီး သူတို့ရဲ့ အလုပ်ခွင်လုံခြုံမှုနဲ့ ကျန်းမာရေးအခြေအနေတွေ အများကြီး တိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူတို့တွေ အားလုံး "ချမ်းသာ" သွားကြသလား။ မဟုတ်သေးပါဘူး။ သူတို့ဟာ တခြားသော အနိမ့်ဆုံးအခကြေးငွေရ အလုပ်သမားတွေလိုပဲ စားဝတ်နေရေးအတွက် ရုန်းကန်နေရဆဲပါ။ ဒါပေမယ့် အရင်ကလို ဥပဒေရဲ့ အပြင်ဘက်မှာ အကာအကွယ်မဲ့စွာနဲ့ မဟုတ်တော့ဘဲ ဥပဒေရဲ့ အကာအကွယ်အောက်မှာ ဂုဏ်သိက္ခာရှိရှိ ရုန်းကန်ခွင့်ရလာတာပါ။

ရှုပ်ထွေးသော ဥပမာ- ဂျာမနီနှင့် နယ်သာလန်

ဂျာမနီနဲ့ နယ်သာလန်တို့ကတော့ လိင်လုပ်ငန်းကို Legalize (တရားဝင်ခွင့်ပြု) ထားတဲ့ နိုင်ငံတွေပါ။ ဒီလို တရားဝင်ခွင့်ပြုလိုက်ခြင်းရဲ့ ကောင်းကျိုးကတော့ အစိုးရက အခွန်ဘဏ္ဍာငွေတွေ အများကြီးရရှိပြီး လိင်လုပ်ငန်းကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်လာတာပါပဲ။ ဒါပေမယ့် အများကြီးဝေဖန်ခံနေရတဲ့ အချက်တွေလည်း ရှိပါတယ်။

  • လူကုန်ကူးမှု (Human Trafficking): လိင်လုပ်ငန်းကို တရားဝင်ခွင့်ပြုလိုက်တဲ့အခါ ဝယ်လိုအား (demand) က အရမ်းမြင့်တက်သွားပြီး ဒီဝယ်လိုအားကို ဖြည့်ဆည်းဖို့အတွက် အရှေ့ဥရောပနဲ့ တခြားဆင်းရဲတဲ့နိုင်ငံတွေက အမျိုးသမီးတွေကို လိမ်လည်ခေါ်ဆောင်ပြီး လူကုန်ကူးမှုတွေ ပိုများလာတယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။

  • ခေါင်းပုံဖြတ်မှု: တရားဝင်လိုင်စင်ရ ပြည့်တန်ဆာခန်းကြီးတွေရဲ့ ပိုင်ရှင်တွေကသာ အဓိကအကျိုးအမြတ်ရရှိပြီး လိင်လုပ်သားအများစုကတော့ သူတို့ရှာနိုင်တဲ့ငွေရဲ့ အစိတ်အပိုင်းအနည်းငယ်ကိုသာ ရရှိပြီး ခေါင်းပုံဖြတ်ခံနေရဆဲ ဖြစ်ပါတယ်။

  • Stigma (အမြင်မကြည်လင်မှု): ဥပဒေအရ တရားဝင်ဖြစ်သွားပေမယ့် လူ့အဖွဲ့အစည်းရဲ့ အမြင်မကြည်လင်မှုကတော့ ပျောက်ကွယ်မသွားပါဘူး။ လိင်လုပ်သားတွေဟာ လူမှုရေးအရ ဖယ်ကြဉ်ခံနေရဆဲပါပဲ။

ဒီဥပမာတွေကနေ ကျွန်မတို့ ဘာသိနိုင်လဲ။ လိင်လုပ်သားတွေ "ချမ်းသာတယ်" ဆိုတာက အင်မတန် ရှားပါးတဲ့ အပေါ်ယံအလွှာ (elite) မှာပဲ ဖြစ်နိုင်ပြီး အောက်ခြေက လိင်လုပ်သားအများစု (အထူးသဖြင့် ရွှေ့ပြောင်းအလုပ်သမားတွေ၊ ဖယ်ကြဉ်ခံအုပ်စုတွေ) ကတော့ ဘယ်နိုင်ငံ၊ ဘယ်ဥပဒေအောက်မှာပဲဖြစ်ဖြစ် ခေါင်းပုံဖြတ်မှုနဲ့ ဆင်းရဲမွဲတေမှုရဲ့ သားကောင်တွေ ဖြစ်နေကြဆဲဆိုတာပါပဲ။ သူတို့ ချမ်းသာတယ်လို့ မြင်ရတာက သူတို့ရဲ့ အလုပ်အတွက် ဖန်တီးထားတဲ့ brand image တစ်ခုသာဖြစ်ပြီး အဲဒီနောက်ကွယ်မှာ ကြွေးမြီ၊ စိတ်ဒဏ်ရာ၊ အကြမ်းဖက်မှုတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။

နှိုင်းယှဉ်မှု၏ အန္တရာယ်နှင့် နောက်ကွယ်က အတွေးအခေါ်

အခု ထက်တို့ အပိုင်းနှစ်ပိုင်းလုံးကို ခွဲခြမ်းစိတ်ဖြာပြီးသွားပြီ။ ဒီတော့ မူလစကားရပ်ဖြစ်တဲ့ "စစ်မှန်သော နိုင်ငံရေးပညာရှင်၊ နိုင်ငံရေးလှုပ်ရှားသူက ငတ်ပြတ်နေသည်၊ ပြည့်တန်ဆာများက ချမ်းသာနေသည်" ဆိုတဲ့ နှိုင်းယှဉ်မှုကြီးကို ပြန်ကြည့်ရအောင်။ ဒီနှိုင်းယှဉ်မှုက ဘာကိုပြောချင်တာလဲ။ သူ့ရဲ့နောက်ကွယ်မှာ ဘယ်လိုအတွေးအခေါ်တွေ ရှိနေလဲ။

ထက်မြင်တာကတော့ ဒီနှိုင်းယှဉ်မှုဟာ ကျွန်မတို့ လူ့အဖွဲ့အစည်းရဲ့ တန်ဖိုးသတ်မှတ်ချက် (value system) မှာ တစ်ခုခု မှားယွင်းနေတယ်ဆိုတာကို မီးမောင်းထိုးပြနေတာပါပဲ။

၁။ "မြင့်မြတ်သောအလုပ်" vs "ယုတ်ညံ့သောအလုပ်"

ကျွန်မတို့ လူ့အဖွဲ့အစည်းက အလုပ်တွေကို "မြင့်မြတ်တဲ့အလုပ်" နဲ့ "ယုတ်ညံ့တဲ့အလုပ်" ဆိုပြီး ခွဲခြားထားတတ်ကြတယ်။ တိုင်းပြည်အတွက် အသက်စွန့်တဲ့ စစ်သား၊ တော်လှန်ရေးသမား၊ တက်ကြွလှုပ်ရှားသူတွေရဲ့ အလုပ်ကို အမြင့်မြတ်ဆုံးနေရာမှာထားတယ်။ ဆရာဝန်၊ အင်ဂျင်နီယာလို ပညာတတ်အလုပ်တွေကို ဒုတိယနေရာမှာထားတယ်။ ပြီးတော့ ကာယလုပ်သားတွေ၊ အမှိုက်သိမ်းတဲ့သူတွေ၊ နောက်ဆုံး လိင်လုပ်သားတွေရဲ့ အလုပ်ကို အနိမ့်ကျဆုံး၊ အယုတ်ညံ့ဆုံးနေရာမှာ ထားကြတယ်။

ဒီလို တန်ဖိုးသတ်မှတ်ချက်အရ မြင့်မြတ်တဲ့အလုပ်ကိုလုပ်တဲ့ တက်ကြွလှုပ်ရှားသူတစ်ယောက်က ဆင်းရဲနေပြီး ယုတ်ညံ့တဲ့အလုပ်ကိုလုပ်တဲ့ ပြည့်တန်ဆာတစ်ယောက်က ချမ်းသာနေတယ်ဆိုတဲ့ အဖြစ်အပျက်ဟာ လက်ခံနိုင်စရာမရှိတဲ့ မှားယွင်းနေတဲ့ အခြေအနေတစ်ခု (a paradox) အဖြစ် မြင်ကြတာပါ။ "လောကကြီးက မတရားလိုက်တာ", "တန်ဖိုးရှိတဲ့သူတွေက တန်ဖိုးမဲ့ဖြစ်နေပြီး တန်ဖိုးမဲ့တဲ့သူတွေက နေရာရနေတယ်" ဆိုတဲ့ ခံစားချက်မျိုးကို ဖြစ်စေပါတယ်။

၂။ ကိုယ်ကျင့်တရားနှင့် ချမ်းသာကြွယ်ဝမှု (Morality and Wealth)

ဒီနှိုင်းယှဉ်မှုရဲ့ နောက်ကွယ်မှာ "ကိုယ်ကျင့်တရားကောင်းမွန်သူဟာ ဆင်းရဲသင့်ပြီး ကိုယ်ကျင့်တရားပျက်ပြားသူဟာ ချမ်းသာနေတာ မဖြစ်သင့်ဘူး" ဆိုတဲ့ မသိစိတ်က ယုံကြည်ချက်တစ်ခုလည်း ပါဝင်နေပါတယ်။ ဒါဟာ ဘာသာရေးအဆုံးအမတွေ၊ ရှေးရိုးစွဲအတွေးအခေါ်တွေကနေ ဆင်းသက်လာတဲ့ အတွေးအခေါ်တစ်ခုပါ။ တကယ်တော့ လက်တွေ့ကမ္ဘာမှာ လူတစ်ယောက်ရဲ့ ချမ်းသာကြွယ်ဝမှုဟာ သူ့ရဲ့ ကိုယ်ကျင့်တရားနဲ့ တိုက်ရိုက်အချိုးကျနေတာမျိုး မဟုတ်ပါဘူး။ အဂတိလိုက်စားတဲ့ နိုင်ငံရေးသမားတွေ၊ လူလိမ်စီးပွားရေးသမားတွေ ချမ်းသာနေကြသလို ရိုးရိုးသားသားနဲ့ ကြိုးစားလုပ်ကိုင်နေတဲ့ လူပေါင်းများစွာက ဆင်းရဲတွင်းထဲကနေ မထွက်နိုင်တာတွေ အများကြီးပါ။

၃။ အမျိုးသမီးများအပေါ် ထားရှိသော အမြင် (The Misogynistic Undertone)

ထက်က feminist transwoman တစ်ယောက်အနေနဲ့ ဒီစကားရပ်မှာ ပါဝင်နေတဲ့ အမျိုးသမီးမုန်းတီးရေး (misogyny) အငွေ့အသက်ကိုလည်း ထောက်ပြချင်ပါတယ်။ ဒီနှိုင်းယှဉ်မှုမှာ ငတ်ပြတ်နေတဲ့သူရဲကောင်းကို အမျိုးသားတစ်ယောက်အဖြစ် ပုံဖော်လေ့ရှိပြီး ချမ်းသာနေတဲ့ ပြည့်တန်ဆာကိုတော့ အမျိုးသမီးတစ်ယောက်အဖြစ် ပုံဖော်လေ့ရှိပါတယ်။ ဒါဟာ အမျိုးသမီးတစ်ယောက်က သူ့ရဲ့ခန္ဓာကိုယ်ကို အသုံးပြုပြီး လွယ်လွယ်ကူကူ ပိုက်ဆံရှာနေတယ်၊ ချမ်းသာနေတယ်ဆိုတဲ့ အတွေးအပေါ်မှာ မကျေနပ်မှု၊ မနာလိုမှုတွေကို ထင်ဟပ်စေပါတယ်။

အမျိုးသမီးတစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (sexual agency) ကို အသိအမှတ်မပြုဘဲ သူ့ရဲ့ ခန္ဓာကိုယ်ကို အများပြည်သူပိုင် ပစ္စည်း တစ်ခုလို သဘောထားပြီး သူက အဲဒီပစ္စည်းကို ရောင်းစားပြီး ချမ်းသာနေတာဟာ မတရားဘူးလို့ မြင်တဲ့ ရှေးရိုးစွဲ ဖိုဝါဒီဆန်တဲ့ (patriarchal) အတွေးအခေါ်ကနေ ဆင်းသက်လာတာပါ။ တကယ်တော့ အမျိုးသမီးတစ်ယောက်မှာ သူ့ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ဘာလုပ်မယ်၊ ဘာမလုပ်ဘူးဆိုတာကို ဆုံးဖြတ်ပိုင်ခွင့် အပြည့်အဝရှိပါတယ်။

ကမ္ဘာလုံးဆိုင်ရာ နှိုင်းယှဉ်ချက်- ဘုံရန်သူမှာ စနစ်ဖြစ်သည်

အခု ထက်တို့ ဥပမာတွေ အများကြီး လေ့လာပြီးသွားပြီ။ ကားလ်မာ့စ်ရဲ့ ဆင်းရဲမွဲတေမှု၊ ချေဂွေဗားရားရဲ့ တောထဲကဘဝ၊ နယူးဇီလန်က လိင်လုပ်သားရဲ့ အခွင့်အရေး၊ ဂျာမနီက လူကုန်ကူးမှုပြဿနာ...။ ဒီအချက်အလက်တွေအားလုံးကို စုစည်းပြီး မူလအဆိုဖြစ်တဲ့ "တက်ကြွလှုပ်ရှားသူတွေ ငတ်နေချိန်မှာ ပြည့်တန်ဆာတွေက ချမ်းသာနေတယ်" ဆိုတာကို ပြန်သုံးသပ်ကြည့်ရအောင်။

ဒီနှိုင်းယှဉ်မှုကြီးဟာ ဘာကြောင့် မှားယွင်းနေသလဲဆိုတော့... 

၁။ ယေဘုယျဆန်လွန်းခြင်း (Over-generalization)

တက်ကြွလှုပ်ရှားသူတိုင်း မငတ်သလို လိင်လုပ်သားတိုင်းလည်း မချမ်းသာပါဘူး။ NGO ကြီးတွေရဲ့ ခေါင်းဆောင်တွေ၊ နိုင်ငံတကာမှာ ရန်ပုံငွေကောင်းကောင်းရတဲ့ တက်ကြွလှုပ်ရှားသူတွေ ရှိသလို လမ်းဘေးမှာ ဘဝကို ရုန်းကန်နေရတဲ့ လိင်လုပ်သားတွေလည်း အများကြီးပါ။ ဒီလူအုပ်စုနှစ်ခုလုံးရဲ့ အတွင်းထဲမှာ အလွှာပေါင်းများစွာ၊ ကွဲပြားမှုတွေ အများကြီးရှိပါတယ်။ 

၂။ ဘုံရန်သူကို မျက်ကွယ်ပြုခြင်း (Ignoring the Common Enemy)

ဒီနှိုင်းယှဉ်မှုဟာ လူအုပ်စုနှစ်စုကို တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဘက်တွေလို ဖြစ်အောင် တွန်းပို့နေပါတယ်။ တကယ်တမ်းမှာတော့ သူတို့နှစ်စုလုံးဟာ တူညီတဲ့ ရန်သူတစ်ခုတည်းရဲ့ ဖိနှိပ်မှုကို မတူညီတဲ့ပုံစံတွေနဲ့ ခံစားနေကြရတာပါ။ အဲဒီရန်သူကတော့ "မတရားသော စနစ် (Unjust System)" ပါပဲ။

  • နိုင်ငံရေးတက်ကြွလှုပ်ရှားသူကို ငတ်အောင်လုပ်ထားတာက ဖိနှိပ်ချုပ်ချယ်တဲ့ နိုင်ငံရေးစနစ် (Oppressive Political System) ဖြစ်ပါတယ်။ အာဏာရှင်တွေ၊ အာဏာပိုင်တွေက သူတို့ကို စီးပွားရေးအရ၊ လူမှုရေးအရ အသက်ရှူကျပ်အောင် လုပ်ထားတာပါ။

  • လိင်လုပ်သားအများစုကို ဆင်းရဲအောင်၊ အန္တရာယ်များအောင် လုပ်ထားတာက ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတဲ့ ဥပဒေစနစ် (Criminalized Legal System), မဟာဖိုဝါဒကြီးစိုးတဲ့ လူမှုရေးစနစ် (Patriarchal Social System) နဲ့ အရင်းရှင်စီးပွားရေးစနစ် (Capitalist Economic System) တို့ရဲ့ ပေါင်းစပ်တိုက်ခိုက်မှုပါပဲ။ ဒီစနစ်တွေက သူတို့ရဲ့လုပ်အားကို တန်ဖိုးမထားဘူး၊ သူတို့ကို အကာအကွယ်မပေးဘူး၊ သူတို့ကို အလွယ်တကူ ခေါင်းပုံဖြတ်လို့ရတဲ့ ကုန်ပစ္စည်းတွေအဖြစ်ပဲ မြင်ပါတယ်။ ဒါကြောင့် တက်ကြွလှုပ်ရှားသူရဲ့ ပေါင်မုန့်ခြောက်တစ်ဖဲ့နဲ့ လိင်လုပ်သားတစ်ယောက်ရဲ့ မျက်ရည်တစ်စက်ဟာ အရင်းခံအားဖြင့် တူညီတဲ့ စနစ်ဆိုးကြီးတစ်ခုကနေ မြစ်ဖျားခံလာတာပါ။

ထက်ရဲ့ နိဂုံးချုပ် သုံးသပ်ချက်

ဒါဆို ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။ "တက်ကြွလှုပ်ရှားသူတွေ ချမ်းသာလာပြီး ပြည့်တန်ဆာတွေ ဆင်းရဲသွားအောင် လုပ်ရမယ်" လို့ ပြောတာလား။ မဟုတ်ပါဘူး။ အဲဒါဟာ အဖြေမဟုတ်ပါဘူး။

ထက်မြင်တဲ့အဖြေကတော့ ကျွန်မတို့ရဲ့ တန်ဖိုးသတ်မှတ်ချက်တွေကို ပြန်လည်စစ်ဆေးဖို့ပါပဲ။

ပထမဆုံးအနေနဲ့ အလုပ်တိုင်းမှာ ဂုဏ်သိက္ခာရှိတယ် (All Labor Has Dignity) ဆိုတဲ့ အချက်ကို ကျွန်မတို့ လက်ခံဖို့လိုပါတယ်။ တိုင်းပြည်အတွက် အသက်စွန့်နေတဲ့ တော်လှန်ရေးသမားရဲ့ အလုပ်က တန်ဖိုးရှိသလို မိသားစုစားဝတ်နေရေးအတွက် လမ်းဘေးမှာ ကုန်စိမ်းရောင်းနေတဲ့ အဒေါ်ကြီးရဲ့ အလုပ်ကလည်း တန်ဖိုးရှိပါတယ်။ ရုံးခန်းထဲမှာ ကွန်ပျူတာရှေ့ထိုင်ပြီး အလုပ်လုပ်နေတဲ့သူရဲ့ ချွေးက တန်ဖိုးရှိသလို ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုရင်းပြီး အန္တရာယ်တွေကြားထဲက အလုပ်လုပ်နေရတဲ့ လိင်လုပ်သားတစ်ယောက်ရဲ့ ချွေးကလည်း တန်ဖိုးရှိပါတယ်။ ဘယ်အလုပ်က မြင့်မြတ်တယ်၊ ဘယ်အလုပ်က ယုတ်ညံ့တယ်လို့ ခွဲခြားသတ်မှတ်နေသမျှ ကာလပတ်လုံး ကျွန်မတို့ လူ့အဖွဲ့အစည်းဟာ တန်းတူညီမျှမှုနဲ့ ဝေးနေဦးမှာပါပဲ။

ဒုတိယအချက်ကတော့ စနစ်ကို ပြောင်းလဲဖို့ လိုအပ်ပါတယ်။ တက်ကြွလှုပ်ရှားသူတွေ "ငတ်ပြတ်" နေရတဲ့ အကြောင်းအရင်းက သူတို့မတော်လို့ မဟုတ်ဘဲ ဖိနှိပ်တဲ့စနစ်ကြောင့်ပါ။ ဒါကြောင့် ဒီမတရားတဲ့စနစ်ကို ပြောင်းလဲဖို့က အဓိကကျပါတယ်။ တရားမျှတမှု၊ လွတ်လပ်မှု၊ တန်းတူညီမျှမှုတွေရှိတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်နိုင်မှသာ အမှန်တရားအတွက် ရပ်တည်သူတွေဟာ ထိုက်တန်တဲ့နေရာ၊ ထိုက်တန်တဲ့ ဂုဏ်သိက္ခာနဲ့ နေနိုင်မှာပါ။ သူတို့ရဲ့ ဘဝအာမခံချက်အတွက် အစိုးရနဲ့ လူ့အဖွဲ့အစည်းမှာ တာဝန်ရှိပါတယ်။

တတိယအချက်ကတော့ လိင်လုပ်ငန်းကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ခြင်းမှ ပယ်ဖျက်ရန် (Decriminalization of Sex Work) လိုအပ်ပါတယ်။ လိင်လုပ်သားတွေ "ချမ်းသာနေတယ်" ဆိုတဲ့ ပုံရိပ်ယောင်ရဲ့ နောက်ကွယ်မှာ ခေါင်းပုံဖြတ်ခံရမှုတွေ၊ အကြမ်းဖက်ခံရမှုတွေ၊ ကျန်းမာရေးဆိုင်ရာ အခက်အခဲတွေ အများကြီးရှိနေပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ လိင်လုပ်ငန်းကို ဥပဒေဘောင်အတွင်းကို သွင်းပေးဖို့ပါပဲ။ Decriminalize လုပ်လိုက်ခြင်းအားဖြင့် လိင်လုပ်သားတွေဟာ တခြားအလုပ်သမားတွေလိုပဲ ဥပဒေရဲ့ အကာအကွယ်ကို ရရှိလာမယ်၊ အလုပ်သမားအခွင့်အရေးတွေ တောင်းဆိုနိုင်မယ်၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ အလွယ်တကူ ရနိုင်မယ်၊ ခေါင်းပုံဖြတ်တဲ့ ကြားခံလူတွေရဲ့ အန္တရာယ်ကနေလည်း ကင်းဝေးလာမှာ ဖြစ်ပါတယ်။ ဒါမှသာ သူတို့ဟာ အပေါ်ယံ "ချမ်းသာမှု" ကို ဖန်တီးစရာမလိုဘဲ တကယ်တမ်း လူသားတစ်ယောက်လို ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်မှာပါ။

ထက်တို့ရဲ့ ကမ္ဘာကြီးက လူတစ်ယောက်ရဲ့ တန်ဖိုးကို သူ့ရဲ့ဘဏ်စာရင်းထဲက ဂဏန်းတွေနဲ့ တိုင်းတာလေ့ရှိတယ်။ ဒါကြောင့် ပိုက်ဆံမရှိတဲ့ တော်လှန်ရေးသမားကို "အသုံးမကျသူ", "ရှုံးနိမ့်သူ" အဖြစ် မြင်ပြီး၊ အပေါ်ယံ ပိုက်ဆံရှိပုံပေါ်တဲ့ လိင်လုပ်သားကိုကျတော့ "ကိုယ်ကျင့်တရားမရှိပေမယ့် အောင်မြင်နေသူ" လို့ မြင်တတ်ကြတယ်။

ဒီလိုတန်ဖိုးသတ်မှတ်ချက်ကို ကျွန်မတို့ စိန်ခေါ်ဖို့ အချိန်တန်ပါပြီ။

လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သူရှာနိုင်တဲ့ငွေပမာဏနဲ့ မဆိုင်ပါဘူး။ သူ့ရဲ့ စာနာစိတ်၊ သူ့ရဲ့ သတ္တိ၊ မတရားမှုကို ဆန့်ကျင်ရဲတဲ့စိတ်၊ ပိုကောင်းတဲ့ကမ္ဘာကြီးကို ဖန်တီးချင်တဲ့ သူ့ရဲ့စိတ်ကူးအိပ်မက်တွေနဲ့သာ သက်ဆိုင်ပါတယ်။ ဒီလိုသာ တိုင်းတာမယ်ဆိုရင် ကားလ်မာ့စ်လို၊ ချေဂွေဗားရားလို "ငတ်ပြတ်" ခဲ့တဲ့ တော်လှန်ရေးသမားတွေဟာ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တွေ ဖြစ်သွားပါလိမ့်မယ်။

နောက်ဆုံးမှာတော့ ထက်ပြောချင်တာကတော့ လူနှစ်ယောက် (သို့မဟုတ် လူအုပ်စုနှစ်စု) ရဲ့ အခြေအနေကို ယှဉ်ပြီး ဘယ်သူက ပိုဆိုးတယ်၊ ဘယ်သူက ပိုကောင်းတယ်လို့ အပြစ်တင်နေတာဟာ အဖြေမှန်ကို ဘယ်တော့မှ ရောက်စေမှာ မဟုတ်ပါဘူး။ တက်ကြွလှုပ်ရှားသူတွေရဲ့ ဆင်းရဲမွဲတေမှုနဲ့ လိင်လုပ်သားတွေရဲ့ အန္တရာယ်များတဲ့ ဘဝ၊ ဒီနှစ်ခုလုံးဟာ မတရားတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစနစ်တွေရဲ့ သားကောင်တွေ (victims) ဖြစ်နေတယ်ဆိုတဲ့ အချက်ကို ကျွန်မတို့ မြင်အောင်ကြည့်ဖို့ လိုပါတယ်။

သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဘက်တွေ မဟုတ်ပါဘူး။ တကယ်တမ်းတော့ သူတို့ဟာ စနစ်ဆိုးတစ်ခုတည်းရဲ့ မတူညီတဲ့ ထောင့်တွေကနေ ဖိနှိပ်ခံနေရတဲ့ မဟာမိတ်တွေ ဖြစ်ပါတယ်။ ကျွန်မတို့ လုပ်ရမှာက သူတို့တစ်တွေကို တစ်ယောက်နဲ့တစ်ယောက် သနားအောင်၊ တစ်ယောက်ကိုတစ်ယောက် အပြစ်တင်အောင် တွန်းပို့နေတဲ့ စကားလုံးတွေ၊ အတွေးအခေါ်တွေကို ဆန့်ကျင်ဖို့ပါပဲ။ ပြီးတော့ သူတို့အားလုံးရဲ့ ဘဝတွေ ပိုမိုကောင်းမွန်လာစေမယ့် လူတိုင်းက ကိုယ့်ရဲ့လုပ်အားအတွက် ထိုက်တန်တဲ့အကျိုးကျေးဇူးနဲ့ ဂုဏ်သိက္ခာကို ရရှိနိုင်မယ့် ပိုမိုတရားမျှတတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ဖို့အတွက် အတူတကွ ကြိုးစားသွားကြဖို့ပါပဲ။

ကြယ်တွေကြွေတိုင်း ပြည့်တန်ဆာတွေ မရယ်ပါဘူး။ သူတို့လည်း ကြယ်တွေကို မော့ကြည့်ပြီး ဆုတောင်းနေကြသူတွေထဲမှာ ပါဝင်နိုင်ပါတယ်။ အမှန်တရားအတွက် တိုက်ပွဲဝင်နေသူတွေရဲ့ ဗိုက်ဟာ ဆာလောင်နေနိုင်ပေမယ့် သူတို့ရဲ့ စိတ်ဓာတ်ကတော့ ဘယ်တော့မှ ငတ်မွတ်သွားမှာ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ တာဝန်က ကြွေလွင့်သွားတဲ့ ကြယ်တွေအတွက် ဝမ်းနည်းနေဖို့မဟုတ်ဘဲ ကြယ်တွေ ထပ်မကြွေရတော့မယ့် ကောင်းကင်ကြီးတစ်ခုကို ဖန်တီးပေးဖို့ပါပဲ။ အဲဒီကောင်းကင်အောက်မှာတော့ လူတိုင်းဟာ သူတို့ရဲ့ အလုပ်အကိုင်၊ ကျား/မ လိင်စိတ်ခံယူမှု၊ ယုံကြည်ချက်တွေကြောင့် ခွဲခြားဆက်ဆံမခံရဘဲ တန်းတူညီမျှစွာနဲ့ အလင်းလက်ဆုံး တောက်ပနိုင်မှာ ဖြစ်ပါတယ်။

လေးစားစွာဖြင့်၊

ထက်။

Comments

Popular posts from this blog

ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု (Grooming) ကို 'အချစ်' ဟု ပုံဖော်ခြင်းအား စစ်ကြေညာခြင်း- BL/GL Fic ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်း၏ အမြင်မှားများ

"ချမ်းရင် နှင်းတောတိုးပါ။ ပူရင် မီးလှုံပါ။ အေးရင် ရေချိုးပါ။ အိုက်ရင် စောင်ခြုံပါ။"

"အချစ်" ခေါင်းစဉ်နဲ့ လည်ပင်းညှစ်၊ ဗီဒီယိုရိုက်တဲ့ ကျောင်းသား ၄ ဦး။ G-10 ညီမလေးရဲ့ နာကျင်မှုကို Telegram မှာ ဖြန့်ဝေခဲ့တဲ့ ကျောင်းသား ၄ ဦးကို အပြစ်ပေးရမည်။